ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, February 28, 2011

ဆရာသို့

ကလေးအရွယ်
လူမမယ်ခင်၊ဆရာ့ရင်မှာ
ခိုဝင်လျောင်းစက်၊မေတ္တာလက်ဖြင့်
နှစ်သက်ကြည်သာ၊ပညာရှာခဲ့
ဆရာမနော၊ပန်းစုံတောသည်
သာမောငြိမ်းချမ်းလှပါ၏။


သူ့စိတ်စမ်းမှ
ပေးကမ်းယုယ၊မျိုးစေ့ချ၍
ဆုံးမပြုပြင်၊ဖူးပွင့်လွင်လျှက်
စည်ပင်ကြီးထွား၊မြေတလွှားတွင်
ငွားစွင့်တင်စွ၊ရနံ့ရကာ
ဘ၀တန်ဖိုးတိုးခဲ့၏။

မြတ်ဆရာသည်
လူ့ရွာနယ်ပယ်၊လောကလယ်တွင်
တင့်တယ်တောက်ကြွား၊ရောင်လျှံပွားအောင်
မနားမနေ၊မေတ္တာစေ၍
စေတနာလက်၊ခံယူချက်ဖြင့်
ထမ်းရွက်ပြုစုခဲ့ပါ၏...။


ထို့ကြောင့်သာပင်ဆရာရှင်သည်
တိမ်စင်ကင်းပ၊ပြည့်ရွှန်းလနှယ်
ညွတ်ခကိုးကွယ်၊ဆည်းကပ်ဖွယ်မို့
ရင်ဝယ်ကြည်နူး၊မြတ်ကျေးဇူးကို
ရည်စူးကန်တော့လိုက်ပါ၏...။
ခရီးသည်(ရိုးပြတ်တော)

ဆရာသိစေချင်ပါသည်

ကျွန်တော့်ဘ၀မှာ
အရာအားလုံးထက်
အဖိုးထိုက်ဆုံးရတနာ
ရင်ထဲမှာရှိနေ
အဲဒါ
ကျွန်တော့ဆရာလေ။
ဆရာကိုမမြင်ရရင်
ရင်ထဲမှာနွမ်းလျသလိုပဲ...။

ဆရာ့တန်းခိုးကြောင့်နိုးဆွ
နိုးကြွခဲ့တဲ့ကျွန်တော်
ဆရာ့တန်ခိုးကြောင့်နိုးကြား
တိုးပွားခဲ့တဲ့ကျွန်တော်
အဝေးရောက်တပည့်များ
ဆရာပေးတဲ့အသိတရားကြောင့်
ဘယ်အချိန်မှအလကားမဖြစ်ခဲ့...။


ဆရာလေ
ခါးကိုင်းနားအူ ဆံဖြူသွားကြွေ
ပါးရေတွန့်ကျ ရှုံ့တွတဲ့အသားအရေ
မှုန်ဝေတဲ့မျက်ဝန်းတွေနဲ့
တပည့်ရွှေစင်အပြန်လမ်း
မှန်းဆမျှော်ကြည့်တတ်တဲ့ဆရာ...။


ဆရာလေ ဒီဆရာပေါ့
ပုတီးကိုလက်မှာဆုပ်
စာပေနဲ့တကုပ်ကုပ်
မိုးချုပ်နေ၀င်
ပညာသင်ကိစ္စနဲ့
တပည့်များအတွက်ရည်မှန်း
အပင်ပန်းခံတတ်တဲ့ဆရာ
အရဟံအစဘဂ၀ါအဆုံး
တစ်ကမ္ဘာလုံးကိုသိမ်းကြုံပြီး
အားလုံးမေတ္တာပို့တတ်တဲ့ဆရာ...။

ကျွန်တော်လေ
ဆရာတန်ခိုးကြောင့်နိုးဆွ
နိုးကြွခဲ့တဲ့တပည့်တစ်ယောက်
အိန္ဒိယဆိုတာတစ်ခေါက်ရောက်လို့
တပည့်တစ်ချို့က
ကမ္ဘာမှာ
မြန်မာဆိုတာပြဘို့....

အိန္ဒိယဆိုင်ရာပညာသင်မြန်မာကျောင်းသားရဟန်းများအဖွဲ့
ဆိုတဲ့
ကျောင်းတစ်ဆောင်လဲတည်နိုင်ခဲ့ပြီ
တပည့်တစ်ချို့က
မြန်မာဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ဆိုတဲ့
ပညာရေးအမှောင်မိုက်ကို
အလင်းရောင်ဖွင့်လိုက်ကြပြီ
တပည့်တစ်ချို့က
မဂဓ၊ဘုံဘေ၊နာလန္ဒာ၊ဗာရာဏသီ
တက္ကသိုလ်အသီးသီးပညာသင်
အိန္ဒိယတစ်ခွင်ခရီးနှင်ရင်း
တစ်ချို့က
အင်္ဂလိပ် သက္ကဋဟိန္ဒီ
ဘာသန္တရအလီလီတတ်လို့
လူသားတစ်ချို့
ငတ်မွတ်နေတဲ့ငြိမ်းချမ်းမှုအလှ
ဗုဒ္ဓရဲ့
ဓမ္မရသစိတ်စောင်းကြိုးကို
လှုပ်နိုးတီးခတ်နေကြပြီ...။

ဆရာရယ်
တပည့်တို့ရဲ့ပစ္စုပ္ပန်တခဏ
ဘ၀သံသရာအမောလုံးထဲမှာ
ပြုံးကြမဲ့ကြ ပျော်ကြရွှင်ကြ
ငိုကြရယ်ကြ စိတ်ဓာတ်ကျနေတဲ့အချိန်
ဆရာ့ကိုတမ်းတပြီး
အားမာန်ကြွလှုပ်ရှား
ဆရာကြားသိနိုင်ပါစေ...။

အခုဆိုရင်
ဆရာရှင်ရဲ့ ကြီးမြတ်တဲ့ဂုဏ်ကျေးဇူး
တွေးမိတိုင်းကြည်နူးလို့
ရည်စူးကော်ရော်
စိတ်ထဲမှာညွန်းပူဇော်ရင်း
ကျွန်တော်
ဦးချကန်တော့လိုက်တယ်ဆရာ...။
ဇင်မောင်





ရင်ထဲကမြတ်ဆရာ

မေ့မရ၍
နေ့စဉ်တမ်းတ၊သတိရလျက်
စိတ်ကမှန်းဆ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။


မေ့မရ၍
မြင်တွေ့ခဲ့ရ၊စိတ်အလှကြောင့်
ဂယက်လှိုင်းဖြာ၊စိတ်ချမ်းသာလျက်
ရင်မှာတမ်းတ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။

မေ့မရ၍
ဆုံတွေ့ခဲ့ရ၊ငယ်ဘ၀၌
ဆရာ့ရင်ခွင်၊ခိုရောက်စဉ်ဝယ်
ပျော်ရွှင်နှစ်ခြိုက်၊စိတ်ပျော်ပိုက်လည်း
ကွေ့ဝိုက်ထွက်ခွါ၊ကျောခိုင်းရာ၌
ငါ့မှာစိတ်မှန်း၊လွမ်းရိပ်ပြွန်းလျက်
ရော်ရမ်းတသ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။
ခရီးသည်(ရိုးပြတ်တော)

အသိတရားစေစားရာ

ဆရာ့ထံမှ
ဆုံးမတေးသံ၊လေမှာပျံလည်း
သံစဉ်ခွဲခြား၊ဖြူစင်စိတ်ထားဖြင့်
မှတ်သားစွဲအောင်၊နားမထောင်မိ...။

ဓမ္မကမ်းပါး
သင်ကြားကဟန်၊ဂီတသံလည်း
လွင့်ပျံခိုက်မှာ၊ကျောခိုင်းလာခဲ့
ရာသီများစွာ၊ဟောင်းခဲ့ပြီ...။


ဆရာပေးကမ်း
စာပေလမ်းမှ၊မြတ်ဓမ္မလည်း
နိုးကြွမာန်များ၊ငယ်စိတ်ထားကြောင့်
လှုပ်ရှားထွက်လာ၊ကျောခိုင်းခွါရင်း
စွန့်ကာပစ်ထားမိခဲ့၏...။

အို့ဘယ့်ဆရာ
စာပေသင်တန်း၊ဤကျောင်းခန်းတွင်
လန်းဆန်းလွင့်ပျံ၊ဆရာ့ဟန်ကို
မြင်ပြန်ကာလ၊တဒင်္ဂ၌
စိတ်ဝယ်ချမ်းမြေ့၊ကြည်နူးရလို့
ဦးချပူဇော်၊သာဓုခေါ်ရင်း
ကျွန်တော့်ကန်တော့လိုက်ပါ၏...။
ခရီးသည်(ရိုးပြတ်တော)

Sunday, February 27, 2011

ဆရာသို့ပူဇော်ခြင်း

ငယ်ရွယ်စဉ်က
စိတ်တွင်ပျင်းဖက်၊စာမကျက်၍
ရိုက်နှက်အော်ငေါက်၊ဆရာဟောက်သော်
စိတ်ကောက်တေးမှတ်၊နာကျည်းတတ်ခဲ့
သက်သက်ပစ်ဆို၊မုန်းဟန်ပို၍
ထင်ရာကိုသာတွေးမိသည်...။

ရာသီပြောင်းကာ
ဆရာဘ၀၊ရောက်ခဲ့ရမှ
တပည့်နုထွေး၊အိုကလေးတို့
စာမေးမရ၊အော်ငေါက်ရလည်း
ရိုက်ချက်ကြိမ်သံ၊ကျောင်းလုံးညံသော်
နည်းခံတပည့်၊ရင်အသိမှာ
ဘယ်ထိနာကျည်းလေမည်နည်း...။


ဥာဏ်သီးမှည့်ကာ
ဆရာဘ၀၊သူ့အလှကို
တွေ့ရကြုံရ၊လူ့လောက၀ယ်
ဝါသနာပါ၊စေတနာနှင့်
နစ်နာဆိုရိုး၊နာသုံးမျိုးကို
ဝင်တိုးဆုံမှ၊ငါ့သိရ၍
ဆရာ့ကျေးဇူး၊ဂုဏ်အထူးကို
ရည်စူးဦးချမိပြီတည်း...။
ခရီးသည်(ရိုးပြတ်တော)

ဆရာ

ဒေါသမထွက်
လောဘမဖက်
ရမ္မက်မဖုံး
သင်ပုန်းရှေ့ကလူဟာ
အဲဒါ
ကျွန်တော်ဆရာ့ပေါ့...။
ခရီးသည်(ရိုးပြတ်တော)

အလှဖန်တီးသူ

ဆရာ့အပြုံး၊သူ့နှလုံးသည်
ပြည်လုံးတစ်ခွင်၊အလှဆင်ဖို့
အစဉ်ရွှန်းပ၊စိတ်ချမ်းမြအောင်
တွေးဆတန်ဆာ၊ဆင်ခဲ့၏။


သူ့လက်ရုံးသည်
ဘ၀တစ်ခွင်၊တန်ဆာဆင်ဖို့
စွမ်းအင်ကြီးစွာ၊နာသုံးနာဖြင့်
လူ့ရွာတစ်ခွင်၊လင်းရောင်ဆင်၏။


ဆရာသခင်
အသွင်ရုပ်ရည်၊ဇရာမွှေတော့
သွားကြွေခါးကိုင်း၊နားလည်းထိုင်း၍
တုံ့ဆိုင်းနှေးကွေးနေပါ၏။


ဇရာမြို့မှ
ဆရာ့ရုပ်သွင်၊မပီပြင်တော့
နေ၀င်ချိန်ကျ၊ခရီးစဖို့
မျက်စပစ်လို့နေလေပြီ....။


ဆရာရှင်သည်
မြေပြင်ထက်မှာ၊အလှဖြာဖို့
ပညာသင်ပြ၊မျိုးစေ့ချလျက်
နိုးကြွရင်မှာ၊စေတနာကြောင့်
မေတ္တာရေကောင်း၊သွန်းဖျန်းလောင်းရင်း
ကြိုးကြောင်းဆင်ခြင်၊အမြော်မြင်ဖြင့်
ရင်မှာအလှဖန်တီး၏...။
ခရီးသည်(ရိုးပြတ်တော)

ပန်းစိုက်သူ

ပန်းခင်းသာမှ
အလှဖြာဝင်း၊ပင်ယံမြင့်ထက်
တစ်ပွင့်တစ်ခက် ၊ပိုးကိုက်ဖျက်လည်း
ဖျက်စီးသည့်တွက်၊အားမပျက်ဘူး
ပင်ထက်ညွန့်လက်၊ဖူးပွင့်ထွက်အောင်
ဖြည့်စွက်ငါစိုက်ပျိုးရသည်။

ပန်းစိုက်သူမှာ၊နာသုံးနာနှင့်
ရင်မှာပွင့်အံ၊စိတ်ကူးဥာဏ်ကြောင့်
ပင်ယံဖူးပွင့်၊လန်းဆန်းတင့်အောင်
မျှော်လင့်ယုယ၊ရေလောင်းရမည်
ငါကပန်းစိုက်သူပဲလေ...။
ခရီးသည်(ရိုးပြတ်တော)

Wednesday, February 16, 2011

မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၅)


စာရေးသူတို့သည် ဘုရားကျောင်းတော်ကိုဝင်ရောက်ဖူးမြော်ခဲ့သည်။ထိုအခိုက် ဘုန်းကြီးက ဆက်လက်ရှင်းပြသည်။ဘုရားကျောင်းတော်သည် မဟာပရိနိဗ္ဗာနစေတီတော်၏ဘေး၌တည်ရှိသည်။
ရုပ်ပွားတော်မှာခြေဖ၀ါးမှဦးသျှောင်တော်အထိပေ၁၀ရှိသည်။မြောက်ဘက်သို့ ဦးခေါင်းတော်ပြု၍ အနောက်ဘက်သို့ မျက်နှာမူကာ ပရိနိဗ္ဗာန်စံတော်မူပုံဖြစ်သည်။

ပခုံးတော်၅-ပေ၆လက်မရှိပြီးညောင်စောင်းတော်မှာ၂၃ပေ၉လက်မရှိသည်။ရုပ်ပွားတော်ကိုရွံ့ကိုမီးဖုတ်ကာ
ထုလုပ်ထားသောပုံဖြစ်သည်။
၁၈၃၃-ခုနှစ်ကရုပ်ပွားတော်ကိုတစ်ပိုင်းတစ်စစီတွေ့ရှိရသဖြင့်ပြန်လည်၍ဆက်စပ်မွမ်းမံထားပြီးညောင်စောင်းတော၌
ဆေးဆရာဇီဝကပုံ၊အာနန္ဒာပုံ၊သုဘဒ္ဒရဟန်းပုံတို့ကိုထုလုပ်ထားသည်။
ဤရုပ်ပွားတော်ကို မထုရာပြည်သားဒိနဆိုသူက ထုလုပ်သည်ဟုသိရသည်။
အက္ခရာနှင့်စာရေးသားဟန်အရအေဒီ၅ရာစုကဖြစ်သည်ဟုယူဆရသည်။ထိုရုပ်ပွားတော်ကြီးအား 
မဏိတော်ဘက်ဖူးမြင်ပါက ပြုံးနေသည့်ဟန်၊ခြေရင်းဘက်မှဖူးမြင်ပါကဝေဒနာကိုသည်းခံရှုမှတ်နေသည့်ဟန်နှင့်
မျက်နှာတော်တည့်တည့်ဖူးပါက ကျိန်းစက်နေသည့်ဟန်(၃)မျိုး ဖူးမြင်သည်ဟုဆိုပါသည်။
စာရေးသူတို့လည်းဘုန်းကြီးရှင်းပြသည့်အတိုင်းဖူးမြင်ခဲ့ရသည်။ခြေတော်ကိုဦးခိုက်ပြီးအကြိမ်ကြိမ် ဖူးမျှော်လို့မ၀ပါ။

စာရေးသူတို့သည် ကျောင်းတော်ရာတွင် (၁)နာရီခန့် ဘုရားရှိခိုး၊မေတ္တာဘာဝနာပွား၍တရားအားထုတ်ကြသည်။
ဖူးမြော်နေသည့်အခိုက် ရင်ထဲတွင်
ဝမ်းနည်းမှုမျိုးစုံ ရင်နှစ်စုံကိုထိခိုက်စေတော့သည်။မျက်ရည်ဥတွေပုလဲလုံးဖွေးဖွေးနှယ် အလိုလိုစီးဆင်းနေမိသည်။
မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သွားသည်မှာ နှစ်ပေါင်း(၂၅၀၀)ကျော်ခဲ့ပေပြီ...။
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးမှာကြားခဲ့သည့်သြ၀ါဒစကားကို သတိရ၍ နှလုံးသွင်းမိတော့သည်။
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ
ဝယဓမ္မာ သင်္ခါ၊အပ္ပမာဒေန သမ္ပဒေထ။
ချစ်သားချစ်သမီးတို့ ယခုအခါ နောက်ဆုံးသြ၀ါဒကိုမှာထားခဲ့ဦးမည်။
ကံစိတ်ဥတုအာဟာရတည်းဟူသော သင်္ခါရတရားတို့သည် ဖြစ်ပြီးလျှင်ပျက်ကုန်၏။
ထို့ကြောင့် ဒါန၊သီလ၊ဘာဝနာတရားတို့ကိုမမေ့မလျော့ဘဲ နေရစ်ခဲ့ကြဟု မှာကြားပြီးပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည့်ပုံရိပ်ကို ထင်မြင်လာသောအခါ
တားမရသောမျက်ရည်စီးကြောင်းက မျက်နှာပြင်မှာနေရာယူတော့သည်။
ရင်ထဲမှာဝမ်းနည်းမိသည်။မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်သွားတဲ့အချိန်မှာ သောတာပန်းရဟန်း သကဒါရဟန်း နှင့်ဒကာ၊ဒကာမတို့၏ ငိုကြွေးသံကဘ၀လျှံအောင်ဖြစ်ခဲ့သည်။
ပုထုဇဉ်တို့မှာ ငိုကြွေး၍မေ့လုမြော၊သတိလွတ်သည့်အထိ ဖြစ်ခဲ့သည်။
မွေးဖွားခြင်းနောက်ကွယ်မှာ သေခြင်းတရားပါလာပြီးသားဟု သံဝေဂပွားမိလေသည်။



မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၄)


ဘုန်းကြီး ဦးကုသလာစာရက သမိုင်းပုံရိပ်လွှာကို ဆက်လက်၍ စာရေးသူတို့အား ရှင်းပြသည်။
မိမိသည်လည်း အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားရှင်ကို လျှောက်ထားသည့်စကားကို အမှတ်ရနေမိတော့သည်။ အရှင်အာနန္ဒာမထေရ်က“မြတ်စွာဗုဒ္ဓအား ကုသိနာရုံမြို့ငယ်တွင် အဘယ်ကြောင်းကြောင့်ပရိနိဗ္ဗာန်ဝင်စံလိုတော်မူသနည်း”ဟု လျှောက်သည့်အခါ 
ဤကုသိနာရုံသည် ရှေးအခါက ကုသာဝတီနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးကြောင့်ကို မိန့်တော်မူခဲ့သည်။
ဤနေရာသည် မြတ်စွာဘုရားရှင် စကြာဝတေးမင်းဘ၀ဖြစ်ခဲ့စဉ်က (၇)ဘ၀၊ယခုနောက်ဆုံးဘ၀အပါအ၀င် ဦးခေါင်းချခဲ့ရာ နေရာဖြစ်သည်။
မြတ်စွာဘုရားရှင်သည် အင်ကြင်းပင် နှစ်ပင်ကြားမှာ မြောက်အရပ်သို့ဦးခေါင်းပြုပြီး ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းမှာ
ထိုအချိန်၌ လာရောက်ဖူးမြော်ပူဇော်ကြသူ လူနတ်ဗြဟ္မာပရိသတ်များအတွက် မြောက်အရပ်သို့ ဦးခေါင်းတော်ပြု၍ ဖူးမြော်ခံရခြင်းမှာ သင့်လျော်လျောက်ပတ်သောကြောင့် မြောက်အရပ်သို့ ဦးခေါင်းတော်ပြု၍
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်ဟု စာရေးသူ တွေးမိလေသည်။

ကုသိနာရုံမြို့ငယ်လေး၌ အဘယ်ကြောင့် ပရိနိဗ္ဗာန်စံဝင်တော်မူသနည်း?
သာဝတ္ထိမြို့၊ရာဇဂြိုဟ်မြို့၊ဗာရာဏသီမြို့စသောမြို့ကြီးများ၌ပရိနိဗ္ဗာန်မ၀င်စံဘဲ ကုသိနာရုံမြို့ငယ်လေးမှာ ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်း အကြောင်းသုံးခုရှိသည်။
၁။မဟာသုဒဿနသုတ္တန်ကိုဟောကြားတော်မူလိုခြင်း
၎င်းသုတ္တန်၌ အတိတ်ဝေးစွာရှေးကမ္ဘာက ကုသိနာရုံမြို့ငယ်လေးသည် ကုသာဝတီနေပြည်တော်ကြီးဖြစ်ခဲ့သည်။
ဘုရားလောင်းလျားသည် ကုသာဝတီနေပြည်တော်ကြီး၌ စကြ၀တေးမင်း (၇)ကြိမ်ဖြစ်ခဲ့သည်။ယခုဘ၀ ဘုရားရှင်အဖြစ်ဖြင့် ခန္ဓာကိုယ်တော်ကိုချခြင်းသည် (၈)ကြိမ်မြောက်ဖြစ်သည်။
စကြ၀တေးမင်းစည်းစိမ်သည်လည်းမခိုင်မြဲချေဟု ပြသဟောထားသည့်သမိုင်းပုံရိပ်က လူသားအားလုံးနားလည်သိရှိစေရန် ဖြစ်သည်။

၂။ဗုဒ္ဓဝေနေယျဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကိုချေချွတ်တော်မူလိုခြင်း
 သုဘဒ္ဒပရိဗိုဇ်သည် ဘုရားရှင်အား အယူဝါဒအမျိုးမျိုးအနက် မည်သည့်အယူဝါဒမှန်ကန်ကြောင်း မည်သည့်အယူဝါဒ မှားယွင်းကြောင်းကို မေးမြန်းလျှောက်ထားခဲ့သည်။
ဘုရားရှင်က မဂ္ဂင်ရှစ်ဖြာ ရှိသောသာသနာ၌သာ သမဏအစစ် အမှန်ရှိကြောင်း မဂ္ဂင်ရှစ်ဖြာလုံးဝမရှိသောသာသနာ၌ သမဏအစစ်အမှန် မရှိကြောင်း အရိယာပုဂ္ဂိုလ်များမရှိကြောင်းစသည်တို့ကို ဖြေကြားတော်မူခဲ့သည်။
သုဘဒ္ဒပရိဗိုဇ်သည် ရဟန်းဝတ်၍ တရားအားထုတ်ခဲ့ရာ မြတ်စွာဘုရားပရိနိဗ္ဗာန်မစံမီ ရဟန္တာဖြစ်သွားခဲ့သည်။

၃။ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကြွင်းကျန်သောသရီရဓာတ်တော်များကို ခွဲဝေရာတွင် ခိုက်ရန်များဖြစ်ကြလိမ့်မည်၊ ထိုခိုက်ရန်များကိုဒေါဏပုဏ္ဏားဆရာကြီးက ခုနှစ်ပြည်ထောင်မင်းတို့အား ခိုက်ရန်များကိုငြိမ်းအေးစေ၍ဓာတ်တော်များကို အညီအမျှဝေပေးလိမ့်မည်။
၎င်းအကြောင်းသုံးရပ်တို့ကို မြင်တော်မူသောကြောင့် ကုသိနာရုံမြို့ငယ်လေးမှာ ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ပါဝါမြို့မှကုသိနာရုံသို့ ကြွတော်မူသောအခါ နေရာ(၂၅)နေရာတို့၌ နားနေလျက်ကြွတော်မူခဲ့သည်။နေ၀င်ချိန်ရောက်မှကုသိနာရုံသို့ ရောက်တော်မူသည်။
ပါဝါမြို့နှင့်ကုသိနာရုံသည် ၈-မိုင်ခန့်သာဝေးသည်

Monday, February 14, 2011

မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၃)


နောက်ဆုံးစကား တရားမျက်ရည်...
၂.၀၇.၂၀၁၀ နံနက်ခင်း ၆.နာရီမှာ အာရုံဆွမ်းကိုဘုန်းပေးကြသည်။
အာရုံဆွမ်းသုံးဆောင်ပြီးစာရေးသူတို့အဖွဲ့သည် ကုသိနာရုံမြို့မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူရာ ဌာနအစစ်ရှိရာ ပရိနိဗ္ဗာန်စံတော်မူဟန် ရုပ်ပွားတော်မြတ်၏နောက်ဘက်ရှိမဟာပရိနိဗ္ဗာန စေတီအုတ်ခုံးနေရာသို့ သွားရောက်ဖူးမြော်ကြသည်။
  မဟာပရိနိဗ္ဗာနစေတီတော်ကို ပထမဦးစွာတည်ထားသူမှာ တိတိကျကျ မသိရှိရဟု ဘုန်းကြီးဦးကုသလာစာရကစာရေးသူတို့အား သမိုင်းမျှရှင်းပြသည်။
ဤစေတီတော်ကို ခေတ်အဆက်ဆက်က ပြုပြင်ခဲ့သည်။
၁၈၇၆ခုနှစ်ကထဲက ကျောက်စာဌာနက တူးဖော်သောအခါ ကြေးအိုးကြီးတစ်လုံးကို တွေ့ကြရသည်။
၎င်းကြေးအိုးကြီးထဲ၌ သက္ကဋဘာသာဖြင့် ရေးထားသည်။ ကြေးပြားတစ်ချပ်နှင့် ကုမာရဂုတ္တခေတ် အေဒီ ၄ရာစု ခန့်  သုံးဒင်္ဂါပြား(၆)ခုစသည်ကို တွေ့ခဲ့ရသည်။
ရေးထားသည့်စာမှာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့် ဟရိဗလဆွာမိက မဟာပရိနိဗ္ဗာန စေတီဌာန၌ လှုဒါန်းသည့် အကြောင်းများပါရှိသည်။
 ရုပ်ပွားတော်ဒါယကာနှင့်စေတီတော်ဒါယကာတို့သည်အတူတူဖြစ်သည်ဟုယူဆကြသည်။
ဟင်္သာတမြို့မှ ဦးဘိုးကြူးက ပြုပြင်ခဲ့ရာ ၁၉၂၇-ခုနှစ်တွင် ပြီးစီး၍ ၁၉၃၄ခုနှစ်တွင် ရွှေချပြီးခဲ့သည်ဟုဆိုသည်။
ယခုအခါ ငလျင်ဒဏ်ကြောင့် ဖောင်ရစ်မှစ၍ ပြိုကျသွားခဲ့ပြီ...။

Wednesday, February 9, 2011

မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၂)

Add caption
သမိုင်းထဲကပြရုပ်ကိုခဏတာဝင်ရောက်ပြီးတောင်ငါးလုံးမှီကာခို ရာဇဂြိုဟ်မြို့ကိုကျောခိုင်းထွက်လာခဲ့ကြသည် 
 စာရေးသူတို့စီးလာသောကားက နာလန္ဒာမြို့ကို ဦးတည်၍ မောင်းနင်းလာနေသည်။
ရာဇဂြိုဟ်မြို့နှင့်နာလန္ဒာမြို့သည် ရှေ့ခေတ်ခေါ် တစ်ယူဇနာခန့်ဝေးသည်။ယနေ့ခေတ်မှာ (၈)မိုင်ခန့်ဝေးသည်။
နာလန္ဒာမြို့သည် မြတ်စွာဘုရားရှင် အကြိမ်ကြိမ်များစွာ ဒေသစာရီ ကြွချီတော်မူခဲ့သည့်မြို့ပါ။လူတို့သည် များစွာပေးလှုလေ့ရှိခြင်းကြောင်း နာလန္ဒဟုခေါ်သည်။နာလန္ဒာမြို့သည် ဥပါလိသူကြွယ်နေထိုင်ရာမြို့ဖြစ်သလို သောဏဒိန္နာဥပါသိကာမွေးဖွားရာမြို့လည်းဖြစ်သည်။နာလန္ဒာမြို့သည်အရှင်သာရိပုတြာမွေးဖွားခဲ့သည့်နာလကရွာဖြစ်သည်ဟု
မဟာသုဒဿနဇာတ်တော်၌ဖော်ပြထားသည်။မြတ်စွာဘုရားရှင်နှင့်ဂျိန်းဘုရားမဟာဝီရတို့သည် ရာဇဂြိုဟ်မြို့၌အခြေချနေထိုင်ပြီးလျှင် နာလန္ဒာမြို့အနီးလှည့်လည်၍ တရားဟောခဲ့ကြသည်။

နာလန္ဒာမြို့ကို ဘာဟိရိယဒေသ ဟုဂျိန်းဘာသာ၌ ဖော်ပြထားသည်။ဗုဒ္ဓဘာသာနှင့်သက္ကတကျမ်းစာများ၌ ဒီဒေသကို နာလ၊နာလက၊နာလကဂါမနှင့်နာလန္ဒတို့သည် နေရာတစ်ခုတည်း ဖြစ်သည်ဟုဆိုသည်။အသောကမင်းသည် နာလန္ဒာ၌ စေတီတစ်ဆူနှင့် ကျောင်းတော်ကိုတည်ဆောက်ခဲ့သည်။
နာလန္ဒာရွာ၌တည်သည့်စေတီသည် အရှင်သာရိပုတြာမွေးဖွားရာအိမ်နေရာအထိမ်းအမှတ်ဖြင့်တည်ထားခဲ့ခြင်းဖြစ်သည်။ ဥဇ္ဇေနီမြို့ဝေဒိသဂိရိ(ဆန်ချီတောင်)၌တည်ထားသောစေတီသည် အရှင်သာရိပုတြာ၏ဓာတ်တော်များကိုဌာပနာထားသည့်စေတီဖြစ်သည်။

စာရေးသူတို့သည် နာလန္ဒာတက္ကသိုလ်ဟောင်းမှာအရှင်သာရိပုတြာ၏မွေးဖွားရာတိုက်ခန်းတွင်စေတီတည်ထားသည်ကိုဖူးမြင်ကန်တော့ခဲ့ကြသည်။
အေဒီ(၁၂)စုခန့်တွင်မူစလင်စစ်ဗိုလ်မိုဟာမက်ဘခတီးယန်ခီလ်ဂျီသည် နာလန္ဒာတက္ကသိုလ်ကျောင်းတော်ကိုမီးရှိုးဖျက်ဆီးခဲ့သည်။ရဟန်းတော်အများစုကိုသတ်ဖြတ်ခြင်းခံခဲ့ရသည်။(၁၂)ရာစုမှစ၍ အိန္ဒိယမှာသာသနာရောင်ကွယ်ပျောက်သွားခဲ့သည်။
နာလန္ဒာတက္ကသိုလ်ကိုခရစ်နှစ်(၂)ရာစုတွင်နာဂဇုနမထေရ်က တည်ထောင်ခဲ့သည်။အသောကကျောင်းတော်ကိုကမ္ဘာကျော်နာလန္ဒဗုဒ္ဓဘာသာတက္ကသီလာ ဖြစ်လာအောင် အစပျိုးခဲ့သည်။ ကမ္ဘာ့တွင် အစောဆုံးတက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။
တက္ကသိုလ်၌ကျောင်းဆောင်က တစ်ရာ့ရှစ်ဆယ်ရှိပြီးဆရာပေါင်းတစ်ထောင်ကျော်ရှိသည်။
စာသင်သားပေါင်း၂၀၀၀၀ကျော်ရှိသည်ဟုမှတ်တမ်းတွင်သိရသည်။
မဂဓတိုင်းသည် ကျောင်းအမြောက်အများရှိသည့်ပြည်နယ်ဖြစ်၍ ၀ိဟာရပြည်နယ် ထိုမှတဆင့် ဗိဟာရပြည်နယ်ပြောင်းလဲလာခြင်းဖြစ်သည်။ နာလန္ဒတက္ကသိုလ်သည် ဗိဟာရ်(bihar)ပြည်နယ်တွင်တည်ရှိသည်။
သမိုင်းထဲကနာလန္ဒာကိုလေ့လာပြီး စာရေးသူတို့အဖွဲ့သည် မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူရာကုသိနာရုံမြို့သို့
ခရီးဆက်ခဲ့ကြသည်။
ကုသိနာရုံမြို့မြန်မာကျောင်းကိုည၁၁နာရီခန့်မှာရောက်ခဲ့သည်။

ဆက်ရန်..
...




မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၁)

မဇ္ဈိမဒေသ၊အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာ၊မဂဓတက္ကသီလာတွင်ပညာသင်တော်အဖြစ်ရောက်လာကြသော စာရေးသူတို့
သီတင်းသုံးဖော် သူငယ်ချင်းအချို့တို့သည် သစ်ရွက်တွေမြေခ သစ်နုများဝေဆာဖူးပွင့်သော နွေအသူရိန် အားမာန်
ပူပြင်းသော နွေရာသီကျောင်းပိတ်ချိန်တွင်
 မြတ်စွာဗုဒ္ဓပွင့်တော်မူရာ မြေမြတ်မဟာနေရာများနှင့်အိန္ဒိယနိုင်ငံမြို့ကြီးအချို့ကိုဘုရားဖူးခရီးစဉ်တစ်ခုအဖြစ်
သူငယ်ချင်းများနှင့်အတူ သွားခွင့်ခဲ့ရသည့်ပုံရိပ်များကို အလွမ်းဒိုင်ယာရီ ဘ၀စာပန်းချီနှယ် မှတ်တမ်းတင်မိသည်။
     
ဘုရားဖူးခရီးစဉ်တစ်လျှောက်တွင် ရင်မောစရာ လွမ်းစရာ တမ်းတစရာများက ရောက်ရာဒေသတိုင်းမှာ တရိပ်ရိပ်
ပြန်မြင်ယောင်မိတော့ ရင်ထဲကအလွမ်းတွေ လွမ်းမောဖွယ် ဒိုင်ယာရီ စာမျက်နှာကို တစ်ရွက်ချင်း လှန်နေတော့သည်။
   ဘုန်းကြီးဦးကုသလာစာရPh.D(thesis)က ခရီးစဉ်တစ်လျှောက် အဆင်ပြေစေရန် စာရေးသူတို့အားဦးဆောင် လမ်းညွန်ပ္ဂြသည်။
    တက္ကသီလာ မဂဓကျောင်းသားတို့မှာ ဦးတေဇောဘာသ(ကွမ်းခြံကုန်း)၊ဦးအဂ္ဂ၀ံသ(ဓနုဖြူ)၊ဦးသီဟဥာဏ(ပဲခူး)၊ဦးကုမာရ(အိမ်မဲ)၊ဦးကေလာသ(သာစည်..ဆရာကေ)
ဦးသုခေဓိက၊ဦးဂုဏ၀ံသ၊ဦးဇ၀န(ပန်ဆန်းမြို့-ရှမ်းမြောက်ဝ-ဒေသ)နှင့် စာရေးသူအပါအ၀င် ၁၀ပါးတိတိ wincar  တစ်စီးဖြင့်အဆင်ပြေ ချောမောစွာ ကြွခဲ့သည်။
ရှေးရှေးသော သူတော်ကောင်းတို့၏ထုံးကို နှလုံးမူ၍ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက
သီတင်းကျွတ်တိုင်းမှာ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ကျောင်းတိုက်ကို ကြွရောက်လာပြီး လာရောက်ဖူးမြော်သည့်ပမာ စာရေးသူတို့လည်းမြတ်စွာဘုရားသီတင်းသုံးတော်မူရာမြတ်နေရာနှင့်ကျောင်းတော်ကို သွားရောက်၍ မြတ်စွာဘုရားရှင်၏ဂုဏ်တော်အနန္တကိုမှန်းဆရည်မျှော် ပူဇော်ကန်တော့ရန် ဘုရားဖူး သွားခဲ့သည်။
   အိန္ဒိယ၏နွေအားမာန်က ပူလွန်းလှသည်။
မြန်မာပြည်နွေဥတုထက် သာလွန်ပေသည်။နေဆယ်စင်းတစ်ပြိုင်ထဲ ထွန်းတောက်သည့်နှယ်...ဟုထင်မိသည်။
ဘာနဲ့မှမတူ။ချွေးကတသီသီ စီးဆင်းနေမိတော့သည်။
 ကုသိုလ်အရေးမို့ နွေဥတုဒဏ်ကိုအလေးမထားနိုင်ပါ။နေရာတိုင်းမှာ လွမ်းမောဖွယ်ရာ နွေဥသြငှက်ငယ်များ၏
တွန်းကျူးသံက နွေဒဏ္ဍာရီကို သရုပ်ပြနေသည့်ပမာ ...။
      
နွေအကုန် မိုးဦးအကူးမှာ July(၁)ရက် ၁.၇.၂၀၁၀) နံနက်ခင်း ၅.၄၅မိနစ်အချိန်တွင် ကားကကျောင်းကိုလာကြိုသည်။
မင်္ဂလာအပေါင်း ခညောင်းနေသည့် နံနက်ခင်း ကျက်သရေ ဝေဖြိုးနေသော အာရုဏ်ဦး ပါပဲ...။
မြင့်မြတ်မဟာ ဗုဒ္ဓဂယာမဟာဗောဓိမြေမြတ်နှင့် မနီးမဝေး (၁)ကီလိုမီတာ အရပ်ဒေသ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာကျောင်းသူကျောင်းသားများ ပညာစခန်း တက်လှမ်းနေသည့်မဂဓတက္ကသီလာကျောင်းတော်ကနေ 
ကားဖြင့်ထွက်လာခဲ့ကြသည်။
အဆောင်နေကျောင်းသားတို့အား သွားကြိုခြင်းဖြစ်သည်။
      သူငယ်ချင်းများစုံတဲ့အခါ  ကားသည် ရာဇဂြိုဟ်မြို့ကိုဦးတည်၍ မောင်းနေတော့သည်။
နံနက်ခင်းလေပြေက ကားပြတင်းပေါက်မှတိုးဝင်လာပြီး စာရေးသူအား အေးမြစေသည်။
လန်းဆန်းသောလေညင်းကိုရှုရှိုက်ရင်း အပြင်က သဘာဝရှုခင်းများကို ငေးကြည့်ပြီး မြတ်စွာဘုရားရှင် သီတင်းသုံးခဲ့သည့်နေရာမြတ်တို့ကိုဖူးမြင်ခွင့်ရတော့မည်ဟုဖော့ပြီးတွေးမိသည်။
ကားပေါ်ထိုင်ကထဲက စာရေးသူသည် ပဌာန်းနှင့်ပရိတ်တရားတော်တို့ကိုအာရုံပြုပြီးစိတ်ထဲကရွတ်ဖတ်ပူဇော်နေတော့သည်။ ပီတိလှိုင်းက ရင်နှစ်စုံကို ပျော်မွေ့စေသည်။
   ရာဇဂြိုဟ်မြို့ကိုမရောက်ခင် လမ်းဘေးက ကုလားဆိုင်တစ်ဆိုင်တွင် အိန္ဒိယအစားအသောက် များမှာပြီးနံနက်အာရုဏ်ဆွမ်းအဖြစ်ဘုန်းပေးခဲ့ကြသည်။
 ထိုအချိန်မှာ မိုးတဖွဲဖွဲ ရွာနေသည်။ ဝေဟာပြင်မှ မိုးရနံ့က လှိုင်နေသည်။
လေပြေလေညင်းက ဝေ့တိုက်ခတ်ရင်း အေးမြခြင်းပုံရိပ်ကိုဖြစ်ပေါ်စေသည်။
    ဇူလိုင်မိုးကသည်းသည်း ကောင်းကင်ယံကမည်းမည်း စာရေးသူတို့ခရီးက အဆင်ပြေပါ့မလား ဟုဖော့ပြိးတွေးမိလေရဲ့....။
နံနက်စာစားပြီးကားပေါ်ကိုပြန်တက်ကာ ခရီးဆက်ထွက်ခဲ့သည်။
ရာဇဂြိုလ်မြို့ကိုနံနက်၉-နာရီမှာရောက်ခဲ့သည်။
ဇူလိုင်မိုးကသည်းသည်းမဲမဲရွာနေသည်။လေပြေနှင့်အတူမိုးဖွဲဖွဲကပျော်မြူးနေလိုက်တာ...။
တောင်ကြိးငါးလုံးပိတ်ကာဖုံးဟုဆိုသောအလှအပကြွယ်နေသည့်ရှေးဟောင်းရာဇဂြိုဟ်ကာသမိုင်းတွင်
ကျန်ရစ်နေဆဲ...ရာဇဂြိုဟ်မြို့သည့်သာသနာ့သမိုင်းတွင် ထူးခြားသည့်မြို့တစ်မြို့ပါ။
ကျောင်းတော်အစဝေဠုဝန်ကျောင်းက ဖြစ်သည်။
ပထမဦးဆုံးသင်္ဂါယနာတင်တဲ့မြို့.... ပထမဦးဆုံး သြ၀ါဒပြသည့်နေရာ...
သင်္ကန်းအလှုကိုပထမဦးဆုံးခွင့်ပြုခဲ့သည့်မြို့...ပြီးတော့ဘုရားဘုရားရှင်ကိုးဝါတိုင်တိုင် သီတင်းသုံးတော်မူခဲ့သည့်မြို့ဖြစ်သည်။

သမိုင်းပုံရိပ်ကိုထင်ဟပ်စေသည့်နေရာများမှာ  
၁။ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ကျောင်းတော်
၂။မြတ်စွာဘုရားရှင်သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်ရာ
၃။ဓာတ်လှေခါးဖြင့် တက်ရသော ရတနာဂီရိတောင်ပေါ် သာသနာ(၂၅၀၀)ပြည့်အထိမ်းအမှတ်ဖြင့် ဂျပန်နိုင်ငံကတည်ထားသော ၀ိသျှန္တီစေတီ ကုန်ကျစရိတ်ရူးပီ၂၂သိန်းဟုဆို...
၎။ဆေးဆရာဇိဝက၏သရက်ဥယျာဉ် 
၅။အဇာတသတ်မင်း၏ဓာတ်တော်တိုက်
၆။ဗိမ္ပိသာရမင်း၏အကျဉ်းထောင်
၇။ ။       ဘဏ္ဍာတိုက်
၈။ရှေ့ဟောင်းလှည်းဘီရာကြီး
၉။အဇာတသတ်မင်း၏နန်းဦးရာစေတီနှင့် နန်းတော်သစ်
၁၀။ဝေဘာရတောင်ပေါ်ရှိ အရှင်မဟာကဿပမထေရ်သီတင်းသုံးတော်မူရာ ပိပ္ပလိလှိုဏ်ဂူနှင့်ပထမသံင်္ဂါယနာတင်သည့်နေရာ
၁၁။ဇာတ်နိမ့်ဇာတ်မြင့်ရေချိုးသည့်ရေပူစမ်း
စသည့်နေရာတို့ကိုသွားရောက်ခဲ့သည်။
တစ်ခါတုန်းက သာနာရောင်ထွန်းပြောင်ခဲ့သည့် တောင်ငါးလုံးဝန်းရံခို ရာဇဂြိုဟ်သည်  ယခုတော့သာသနာရောင်
ကွယ်ခဲ့ပါပြီ...။
သာသနာရောင်လွှမ်းခြုံခဲ့သည့်နေရာ ဓမ္မသံလွှမ်းခဲ့သည့်နေရာ ယခုအချိန်မှာ ဓမ္မစည်သံလည်းမကြားရတော့ပါ။
သံဝေဂဖြစ်မိတော့သည်။ကြီးကျယ်ခန်းနားသောသမိုင်းထဲကရာဇဂြိုဟ်သည် ယခုချိန်မှာ တောမြို့လေးတစ်မြို့အဖြစ် ရင်နင့်စွာတွေ့မြင်ရတော့သည်။
ထိုနေရာတို့ကို အိန္ဒိယအစိုးရက ပြတိုက်သဘောအဖြစ်ခင်းကျင်းပြနေတော့သည်။သမိုင်းထဲကပြတိုက်ဝင်ရောက်ကြည့်တော့သမိုင်းစာမျက်နှာကိုလှန်ကြည့်လေလေ
ဘ၀စာမျက်နှာတွင် သံဝေဂပွားမိလေလေပါ...။
ဆက်ရန်......



    





အရိပ်ဟောင်း

အပြင်ကို ထွက်ရပ်ကြည့်မှ
အမှန်တရားကိုယ်စီနဲ့
အကန်းတွေပိုများနေတဲ့
လောကကိုတွေ့ရတယ်...။


အဖြူရောင်မစစ်တဲ့
ခပ်ညစ်ညစ်ရင်ဘတ်တွေကြောင့်
နေ့သစ်တိုင်းဟာ
ရဲတိုက်ကြီးတစ်ခုလိုဖြစ်နေခဲ့....။



စရဏတရားတွေ
လွင့်ပါးနေတဲ့လောကမှာ
အားလုံးဟာ
အဖြူနဲ့အမည်း
မသဲကွဲလေတော့
တဖြုတ်ဖြုတ်ကြွေနေတဲ့
သီးကင်းတွေရဲ့ရှေ့
ဝိညာဉ်မဲ့လူသားအဖြစ်နဲ့
တချိန်က
စုံညီရာကျောင်းတော်ကြီးရဲ့
အရိပ်ဟောင်းပေါ်ငါ့စိတ်တွေ
ပြန်ပြန်ကျတယ်....။
ကိုရင်သာမိ(ဘီးလင်း)

Sunday, February 6, 2011

မဟာဂန္ဓာရုံဆရာတော်သြ၀ါဒ

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲမသွေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။