ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, December 12, 2011

ဗုဒ္ဓ၀င် အကျဉ်းချုပ်




ဗုဒ္ဓဖြစ်တော်စဉ်အကျဉ်း
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကပိလ၀တ်ပြည့် ဘုရင် သုဒ္ဓေါဒန
မဟာရာဇာ၏ သီရိမဟာမာယာဒေ၀ီမှ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့တွင်လုမ္ဗိနီမည်သော အင်ကြင်းတော၌ ဖွားမြင်တော်မူသည်။
အလောင်းတော်သည် အသက် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာဒေ၀ီနှင့်အတူ နန်းမ ၃ဆောင်၌ မင်းစည်းစိမ်ကို ၂၉ နှစ်အရွယ်အထိ ခံစားခဲ့သည်။ ထို့နောက်
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ထွက်ကာ
တရားဓမ္မကျင့်သုံးခဲ့သည်။ ဒုက္ကရစရိယာဟုဆိုသော အကျင့်မျိုးကို
ပင်ပန်းကြီးစွာ ကျင့်သုံးခဲ့၏။ တရားမှန်ကို မရသဖြင့်
မဇ္ဈိမပဋိပဒါကျင့်ထုံးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ရာ မဟာသက္ကရာဇ် ၁၀၃-ခု၊
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါ
လူနတ်ဗြဟ္မာတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ ၄၅ နှစ်
ကာလပတ်လုံး ဓမ္မဒေသနာတို့ကို ဟောကြားခဲ့သည်။ သက်တော် (၈၀) ၀ါတော် (၄၅) ၀ါပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၌ ကုသိနာရုံပြည်မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

အလွယ်မှတ်ရန် ဗုဒ္ဓ၀င်အကျဉ်း
၁။ လူအမည် – သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ – ဂေါတမ
၃။ မိဘအမည် – သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော် – ယသော်ဓရာ (ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော် – ရာဟုလာ
၆။ ယောက်ဖတော် – ဒေ၀ဒတ်
၇။ မိထွေးတော် – မဟာပဇာပတိ ဂေါတမီ
၈။ နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန – လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား)
၁၀။ နန်းစံနှစ် – ၁၃ နှစ် (သက်တော် ၁၆ နှစ်မှ ၂၉ နှစ်အထိ)
၁၁။ နိမိတ်ကြီးများ – သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀ – သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ –   ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား – ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဘက် –     သုမိတ္တာအမျိုးသမီး (ယသော်ဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ – လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက် – သတ္တ၀ါများ အကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောနှစ် – ၆ နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခု အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ – ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် – ၃၅ နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာလူ့သက်တမ်း – နှစ် ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး – ပဉ္စ၀ဂ္ဂီငါးဦး (ဒုက္ကရစရိယာကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ – ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံးသာဝက – ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ )
၂၅။ နောက်ဆုံးသာဝက – သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံအဂ္ဂသာဝက – အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံအဂ္ဂသာဝက – အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ – ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ – သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် – မဇ္ဈိမပဋိပဒါ (မဂ္ဂင်လမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ – မဟာသက္ကရာဇ် ၆၇-ခု၊ ကြာသာပတေးနေ့
၃၂။ ဖွားမြင်သောနေ့ – မဟာသက္ကရာဇ် ၆၈-ခု၊ (ဘီစီ-၆၂၃) ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ – မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ – မဟာသက္ကရာဇ် ၁၀၃-ခု၊(ဘီစီ-၅၈၉) ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ – မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံသောနေ့ – မဟာသက္ကရာဇ် ၁၄၈-ခု၊ (ဘီစီ-၅၄၄) ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓါတ်လောင်သောနေ့ (မီးသဂြိုဟ်သောနေ့) – မဟာသက္ကရာဇ် ၁၄၈၊
ကဆုန်လဆုတ် (၁၂)ရက်၊ တနင်္ဂနွေနေ့။

သက္ကရာဇ်ရှင်းလင်းချက်
မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္စနမင်း တည်ထားသော
သက္ကရာဇ်ကို ခေါ်သည်။
သာသနာတော်နှစ်ဆိုသည်မှာ ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်
ပထမသင်္ဂါယနာတင်သည့်နှစ်မှစ၍ ရေတွက်သောနှစ်ဖြစ်သည်။
မြန်မာသက္ကရာဇ်ဆိုသည်မှာ ပုပ္ပားစောရဟန်းမင်းလက်ထက် တည်ထားသော သက္ကရာဇ်ဖြစ်သည်။
ခရစ်နှစ် (ဘီ၊စီ) ဆိုသည်မှာ ခရစ်မပေါ်မီနှစ်ကို ခေါ်သည်။
ခရစ်နှစ် (အေ၊ဒီ) ဆိုသည်မှာ ခရစ်တော်ပေါ်ပြီးနှစ်မှစ၍ ရေတွက်သည်။
သာသနာသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ထက် ၁၁၈၂ နှစ် ကြီးသည်။ ခရစ်သက္ကရာဇ်ထက်
၅၄၄ နှစ် ကြီးသည်။
ခရစ်သက္ကရာဇ် (အေ၊ဒီ)သည် မြန်မာသက္ကရာဇ်ထက် ၆၃၈ နှစ် ကြီးသည်။ ထို့ကြောင့်
ဘုရားရှင်ပရိနိဗ္ဗာန်ပြုသောနှစ်
ကို ခရစ်မပေါ်မီ ဘီစီ ၅၄၄ ဟု
သာသနာ့သမိုင်းများက အတည်ပြုထားသည်။
ဒါတွေက တကယ်ရှိတာတွေပေါ့နော်။ တကယ်ဖြစ်ပျက်ခဲ့တာတွေ။ မှတ်တမ်းတွေလည်း အတိအကျရှိပါ့။ စိတ်ကူးယဉ်ကြံဆထားခြင်းမဟုတ်ကြောင်း အများနားလည်ကြပါတယ်။ ဒါက ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်မြတ်ပဲပေါ့။

No comments:

Post a Comment