ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
Showing posts with label သြ၀ါဒကထာ. Show all posts
Showing posts with label သြ၀ါဒကထာ. Show all posts

Sunday, February 6, 2011

မဟာဂန္ဓာရုံဆရာတော်သြ၀ါဒ

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲမသွေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။

Sunday, January 23, 2011

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ရာ

၁။စိရကာလ-ဘာဝနာ
   အချိန်ဘယ်လောက်လောက်ကြာကြာ၊ဇွဲရှိရှိနဲ့ပြီးအောင်လုပ်။
၂။နိရန္တရ-ဘာဝနာ
  အဆက်မပြတ်လုပ်၊မဖြစ်နိုင်ဘူးဆိုပြီးရပ်မနေနဲ့။
၃။သက္ကစ္စ-ဘာဝနာ
  ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ လေးလေးစားစားလုပ်။
၎။နိရ၀သေသ-ဘာဝနာ
  အကြွင်းအကျန်မထားဘဲ အသေးစိပ်ဂရုတစိုက်လုပ်။
၅။အဘိရတိ-ဘာဝနာ
  အလုပ်ကိုပျော်ပျော်ပါးပါးလုပ်၊ပျင်းရိပျင်းတွဲမလုပ်နဲ့ 
  အဲဒါဟာ
  ပိဋကတော်လာ
  အလုပ်အောင်မြင်ကြောင်းမူ၅-ချက်ပဲ။
   ရွှေပြည်ဟိန်းဆရာတော်

Saturday, January 22, 2011

သြ၀ါဒကထာ

ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာကို ပြန်လည်ဖော်ပြပါသည်။
၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။

ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။

Wednesday, January 19, 2011

သူတော်ကောင်းဂုဏ်ရည်

ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အဆက်မပြတ် ။
သူတော်ကောင်းသည် (အနေဝေး၍ ) အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
သူတော်ကောင်းနှင့် ပေါင်းသင်းမှ ပစ္စုပ္ပန် သံသရာ မြင့်မြတ်သည်။
သူတော်ကောင်းခြေမှုန့် ကိုယ်၌ကပ်လျှင် အပါယ်မကျ။

သမုဒ္ဒရာရေ မီးကြောင့်မကျွမ်း ၊
မြင့်မိုရ်တောင် လေကြောင့်မတုန်လှုပ်၊
ကျောက်ခဲ ရေကြောင့် မကျေ ၊
သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ် ၊

သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးမြစေ၏ ၊
နံ့သာတုံးသည် မီးရှို့  သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးမြစေ၏ ၊
သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏ ။

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏
သိဿကောဝါဒကျမ်းစာ

ကိုယ်တိုင်ရှာရအောင်ဖြည့်

ကျေးဇူးတော်ရှင် တိပိဋက ယောဆရာတော်ကြီးရဲ့ သံဝေဂဓမ္မ ကဗျာကို ပြန်လည်မျှဝေအပ်ပါတယ်၊ ကိုယ်ရှာတာ ကိုယ့်အတွက်လား လူများအတွက်လားဆိုတာ စဉ်းစားစရာပါ၊ ကိုယ်ရှာတဲ့ ရှာဖွေခြင်းကကော ဗုဒ္ဓအလိုကျ ရှာဖွေခြင်းမျိုးဖြစ်ပြီလား ဆိုတာလဲ ကုသိုလ်ယှဉ်တဲ့အတွေးနဲ့ တွေးသင့်ပါတယ်၊

ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊

အဖြာဖြာသည်

ငါ့ဟာ ငါ့ဟာ သမုတ်ပါလည်း၊

ခန္ဓာကြွေပျောက် သေပြီးနောက်ဝယ်၊

ကိုယ့်နောက်မပါ၊ အိမ်ဂေဟာ၌၊

စုကာပုံလျက် ကျန်နေခဲ့၏။

ဆွေမျိုးမိဘ အ၀၀သည်၊ ချစ်ကြသော်လည်း၊

မလွဲမသွေ ကွဲရပေမည်၊

သေရာကိုယ့်နောက်၊ တစ်ယောက်မပါ၊

ငိုယိုကာဖြင့်၊ မြှုပ်ရာသင်္ချိုင်း၊

မြေလုပ်တိုင်းမှ၊ မဆိုင်းမတွ၊

ပြန်ကြလေ၏၊

ကိုယ်တိုင်စီမံ၊ ကုသိုလ်ကံသာ၊

မကွာကိုယ့်နောက်၊ တကောက်ကောက်၊

လိုက်တတ်မြဲမို့၊

ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ၊

ရှိကာရှိတုန်း ရအောင်ဖြည့်။ ။

မောင်းထောင်မြေဇင်းဆရာတော်ကြီး၏သြ၀ါဒများ

လူ့ဘ၀ဆိုတာ ဘာမှမပိုင်ဘူး၊ ဘာမှမသေချာဘူး၊ ချောက်ကမ်းဘေး၊ လမ်းလျှောက်နေရသလို အချိန်မရွေး ကျသွားနိုင်တယ်၊ ကြက်ဥ ငှက်ဥတွေလို အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်။
မသေချာ မရောရာဘဲ လျှောက်လှမ်းနေရတဲ့ ဘ၀သံသရာကြီးထဲ မြတ်စွာဘုရားသာသနာတော်ကြီး နှင့် တွေ့ ကြုံနေရတဲ့အခါ ဘ၀ပဒေသာပင်ကြီးကနေ ကိုယ်လိုချင်တဲ့အသီးကို ဆွတ်ခူးလို့ရတယ်။
- ဒါန အသီးကို ဆွတ်ခူးမလား
- သီလ အသီးကို ဆွတ်ခူးမလား
- သမထ ၀ိပဿနာ အသီးကို ဆွတ်ခူးမလား
ဘာဆွတ်ဆွတ် ဘာခူးခူးရတာချည်းဘဲ၊ အထက်သွားမလား အောက်သွားမလား ရတယ်။ အဲ အဆွတ်ခူးမှား ပြီး လူ့ပြည်ပြန်ရောက်ရင် သာသနာက ရှိမှာမဟုတ်ဘူး။
ဘယ်အသီးကို ဆွတ်ခူးခူး နိဗ္ဗာန်ကိုပဲ ဆုတောင်းပြီး ဆွတ်ခူးကြ။


ဘုရားအကြိုက်ဆုံးပူဇော်နည်း

မြတ်စွာဘုရားကို အခြားလှူဖွယ်ပစ္စည်းတွေနှင့် ပူဇော်တာထက် အခုလို ယောဂီတို့ တစ်ရှူ တစ်ရှိုက် တရားနှင့် ပူဇော်တာက ပိုမွန်မြတ်တယ်။
ဘာလို့လဲဆိုတော့ - မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေက အတီးအမှုတ် တွေနဲ့သီဆိုပြီး ပန်းနံ့သာအမွှေးအကြိုင်တွေနှင့် လိုလေသေးမရှိ အခါမဲ့ပန်းတွေလဲ ပွင့်လို့ ၊ သက်ရှိသက်မဲ့ တွေကတောင် ပူဇော်ကြတာ။
ဒီလိုပူဇော်တာတွေကြည့်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို နောက်ဆုံးမှာသွားတာက ချစ်သား အာနန္ဒာ…… ‘ ဒီလိုပစ္စည်းဝတ္ထုတွေနဲ့ ပူဇော်တာ ငါဘုရားကို ရိုသေလေးစားရာမရောက်ဘူး ၊ မြတ်နိုးကော်ရော် ရာလဲ မရောက်ဘူး၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ တရားနှလုံးသွင်း ရှုမှတ်ပြီး ပူဇော်တာကမှ အကောင်းဆုံး ပူဇော် ရာရောက်တယ် ’ လို့ ဟောထားခဲ့တာ။
ယခု ယောဂီတို့ ဘုရားကြိုက်တဲ့ ပူဇော်နည်းနှင့် ပူဇော်နေကြပြီ။


ဘုရားကသာကယ်နိုင်

လူတွေက သူလို ကိုယ်လိုတွေပေါနေတော့ လူ့ဘ၀ကို လွယ်လွယ်ကူကူရနေတယ်လို့ ထင်နေကြ တာ၊ ရခဲတယ်လို့ မထင်ကြဘူး၊ တန်ဖိုးရှိတယ်လို့မထင်ကြဘူး။
ကိုယ့်ဘ၀ကိုယ် တန်ဖိုးရှိမှန်းမသိကြ၊ မထင်ကြတော့၊ အချိန်တွေဖြုန်းပြီး မေ့မေ့လျော့လျော့ ပေါ့ပေါ့ တန်တန် နေကြတယ်။
သေခါနီးမှ အဖေကယ်ပါ ၊ အမေကယ်ပါ၊ သားကယ်ပါ၊ သမီးကယ်ပါ နှင့် ဘယ်သူမှ မကယ်နိုင်ဘူး၊ လက်ပိုက်ကြည့်နေရတာ။
ကိုယ်လုပ်ထားတဲ့ ကုသိုလိ ကိုယ်လုပ်ထားတဲ့တရားကမှ ကယ်နိုင်တာ။ ဒါကြောင့် --- မဃဒေ၀- က
ရေဘေး မီးဘေး ပြည်ပျက်ဘေးကား - ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏
အိုဘေး နာဘေး သေခြင်းဘေးဟု ဤဘေးသုံးပါး လွန်ကြီးမားကား
သားနှင့်အမိ ဖြစ်တုံဘိလည်း မျက်စိအောက်တွင် ရင်ခွင်တင်လျက်
သက်သက်ရေးပိုင် မကယ်နိုင်ဘူး လက်မှိုင်ချကာ နေရစွာရှင့် …။


တရားလက်လွတ် ငှက်တောင်ကျွတ်

အတောင်ပံအားကိုးပြီး ပျံသန်းနေတဲ့ငှက်ဟာ တောင်ပံကျွတ်သွားရင် တောင်ပံကျိုးသွားရင် ပျံသန်း နိုင်ဦးမလား။
လူတွေလဲ ငယ်ရွယ် သန်မြန်တဲ့အချိန် သွားနိုင်လာနိုင်တုန်း က ဒါနဆိုတဲ့အလှူအတန်းကို တတ်နိုင် သလောက် မလှူမတန်း၊ သီလ ဆိုတဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ ကိုလဲ ဟုတ်တိပတ်တိ မဆောက်တည်၊ သမထ ၀ိပဿနာ တရားကိုလည်း တစ်နာရီ၊ တစ်ရက်မှ ပြည့်အောင်မထိုင်၊ သားကျွေးမှု မယားကျွေးမှုတွေ နှင့် ရက်တွေလတွေနှစ်တွေကုန် အသက်အရွယ်တွေက ကြီးလာတော့ ခြေမနိုင် လက်မနိုင်ဖြစ်တဲ့အချိန် ဘယ်တရားကို အာရုံပြုရမယ် ဘာကိုမှတ်နေရမယ်ဆိုတာတောင် မသိတော့ဘူး။
ဒါနဲ့ မိမိပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ နိမိတ်ကထင်လာ၊ အာရုံတွေလွဲမှားပြီး အပယ်လေးပါးဆိုတဲ့ ငရဲ ၊ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဘ၀တွေရောက်ရော။
ကိုင်း -- ဘုရားသာသနာတော်ကြီးနှင့် တွေ့ပါလျက် အပါယ်လေးပါးရောက်သွားတာ ------ ကြောက်စရာ မကောင်းဘူးလား၊ သနားစရာမကောင်းဘူးလား။ ‘ ဒါကြောင့် တရားလက်မလွတ်ကြစေနှင့် ’



မိမိရရကိုးကွယ်ကြ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ လို့ ဘုရားရှင်က ဟောထားခဲ့တဲ့အတိုင်း ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်ကြတဲ့အခါ -
ဂစ္ဆာမိ ဆိုတဲ့အတိုင်း မိမိရရ ကိုးကွယ်ကြ ၊ မမိတမိ၊ မထိတထိ ကိုင်ထားကိုးကွယ်ရင် အပါယ် လေးပါး ချောက်ကြီးထဲ ပြုတ်ကြမှာ-
မိမိရရ ကိုင်ထား ကိုးကွယ်ထားတော့ ယခုမျက်မှောက်ဘ၀ရော ၊ နောင်တမလွန် ဘ၀ရော -
 ဘေးရန် အန္တရာယ်တွေလဲ ကင်းရှင်းမယ်
 လောကီ လောကုတ္တရာ စည်းစိမ်တွေလဲ တိုးတက်တယ်
 ကောင်းတဲ့ သုဂတိ ဘုံဘ၀လည်း ရောက်ရတယ်
 မဂ်ဖိုလ် - နိဗ္ဗာန် ချမ်းသာကိုလည်း ဘ၀တိုတိုနှင့် ခံစား စံစားရောက်ရှိနိုင်တာပေါ့
ဒါကြောင့် ရတနာသုံးပါးကို ရိုရိုသေသေ မိမိရရ ဆည်းကပ်ကိုးကွယ်ကြ။


လည်လွန်း၍လွဲခဲ့ကြ

ဘုန်းကြီးတို့ရော ယောဂီတို့ရော - ဂင်္ဂါဝါဠု သဲစုမက - သမုဒ္ဒ၀ါဠု သဲစုမက ဘုရားအဆူဆူပွင့်သွား ကြတာတောင် ပါမသွားဘူး။
ဘယ်ချောင်ကပ်ပြီး ဘယ်ရှောင်တိမ်းလို့ ဘယ်အလည်လွန်နေကြတယ် မသိဘူး။
ဘုန်းကြီး လည်တွေ
ယောင်္ကျား လည်တွေ
မိန်းမ လည်တွေ ချည်းပဲ
သံသရာလုံး လည်လာခဲ့တာ ရှောင်တိမ်းခဲ့တာ ကိုယ့်ကိုကိုယ် သနားစရာ ၀မ်းနည်းစရာတွေ။ အခု ဘုရားစစ်ဘုရားမှန် ၊ တရားစစ် တရားမှန် ၊ သံဃာစစ် သံဃာမှန် တွေ တွေ့ လဲတွေ့နေပြီ။
အချိန်လဲရသေးတယ် --- အားထုတ်လို့လဲရသေးတယ်
ချောင်ကပ်မနေကြနဲ့တော့
ရှောင်တိမ်းမနေကြနဲ့တော့
ကြိုးစားအားထုတ်ကြတော့






ထမင်းလိုမမေ့ကြနှင့်

လူတွေက စားဖို့သောက်ဖို့ ထမင်းဟင်းကြတော့ နေ့စဉ် နေ့တိုင်း စားရမှာမမေ့ကြဘူး မဟုတ်လား၊ ကိုယ့်ကို ကယ်တင်ပေးမယ့် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာသုံးပါးကြတော့ တစ်နေ့တစ်ခါ ရှိခိုးဝပ်ချဖို့ ကြတော့ မေ့ကြတယ်။ သတိမရကြဘူး။
မမေ့ကြနှင့် လူ့ဘ၀က အသက်တိုတိုလေး နေရတာ။ ဘယ်သူမှလဲ အသက်တစ်ရာထိ မနေရတော့ဘူး။ အသက်တစ်ရာ နေရတဲ့ ဆေးလဲ မရှိဘူး။ ဆေးရှိရင်လည်း ဘယ်လောက်ပေးရပေးရ ၀ယ်စား ကြမှာ။
အသက်ရှည်တာ တိုတာ အတိတ်ဘ၀က ကိုယ့်ရဲ့ ကိုသိုလ်၊ သီလတွေနှင့် လာခဲ့ကြတာ။ ဒါကြောင့် ယောဂီတို့ လူ့ဘ၀နေရတဲ့ အချိန်ပိုင်းလေးမှာ သီလတွေလဲ လုံခြုံအောင် စောင့်ထိန်းကြ၊ တရားဘာဝနာ တွေလဲ ကြိုးစားအားထုတ်ကြ ။
ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးကိုလဲ ထမင်းစားဖို့ မမေ့သလို နေ့စဉ်ကန်တော့ဖို့ မမေ့ကြပါ နှင့်။

မေတ္တာတရား အစဉ်ပွား

မကျေနပ်စရာတွေကို ကြည့်နေမယ်ဆိုရင် မုန်းစရာတွေပေါ်မယ်၊
ရန်ငြိုးပြေပျောက်ချင်လျှင် မကျေနပ်ချက်ကို မကြည့်ပါနဲ့၊မုန်းကွက်တွေကို မကြည့်ပါနဲ့၊

ချစ်ကြည်မြတ်နိုးနိုင်လောက်အောင် ကောင်းတဲ့အကွက်တွေကိုပဲ ရှာကြည့်ပါ၊
ဘယ်လိုမှ ကောင်းကွက်ကို ရှာမတွေ့တော့ဘူးဆိုလျှင် မုန်းစရာလို့ သဘောမထားဘဲ သနားစရာလို့ အောက်မေ့လိုက်ရတယ်၊

သူ့ကံနဲ့သူပဲလို့ ဆင်ခြင်ပြီး ကိုယ့်မှာအကုသိုလ်တွေ မဖြစ်အောင်နေရတယ်၊ချစ်စရာမြတ်နိုးစရာ အကွက်တွေကို ဖော်ထုတ်ပြီးဆင်ခြင်လိုက်၊ ဘယ်အခါတုန်းက သူကငါ့ကို ကောင်းခဲ့တယ်၊ဘယ်လိုဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို တွေးတောဆင်ခြင်ုလိုက်၊

မေတ္တာဆိုတဲ့ ကော်အစေးဓာတ်ရှိလျှင် ဘယ်တော့မှ မကွဲတော့ဘူး၊ မေတ္တာဓာတ်ခံ ပါမှဖြစ်မယ်၊ ချစ်ကြည်ရေး၊မျှတရေး၊ စည်းရုံးရေး ဆိုတဲ့အရေးသုံးပါးကိုအလေးထားကျင့်သုံးရမယ်၊

ကိုယ့်စောင့်တရားလေးပါးကိုလဲ ပွားများရမည်၊ မေတ္တာဓာတ်ဝင်လျှင် မေတ္တာဖြစ်ပြီ၊ မိတ်ဆွေဖြစ်လျှင် အကူအညီပေးကြတော့မယ်၊ မေတ္တာပွားလျှင် အကျိုးတရားတွေ ရနေမှာပဲ၊
အသိဥာဏ်မရှိတဲ့ တိရိစ္ဆာန်တောင်မှ မေတ္တာစူးရှသေးတာ၊အသိဥာဏ်ရှိတဲ့လူဆိုရင် ပိုပြီးစူးရောက်မယ်၊

(ရွှေတောင်ကုန်းဆရာတော်ကြီး၏ ဩ၀ါဒကို ပြန်လည်မျှဝေပါသည်၊ လက်တွေ့ကျင့်သုံးဖွယ် ကောင်းလှ၏)

သြ၀ါဒ၁၀၁

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။

၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။

၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။

၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။

၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။
၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။

၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။
၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။

၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။
၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

Tuesday, January 18, 2011

သာသနာတော်အကျိုး

ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်၊အားမထုတ်ဘူး...။

ဗုဒ္ဓမြတ်စွာ
သာသနာ၏ ရှေးခါဘိုးဘ၊
လက်ထက်ကလျှင် ၊ရသည့်တန်းဘိုး
ထပ်မညိုးဘို့၊ အားကြိုးမာန်တက်
ငါဆောင်ရွက်သည်
ဆက်လက်တည်တံ့ ပါစေသော်...။
အရှင်ဇနကာဘိဝံသ

ညောင်စေ့ပမာစေတနာ

ဤသို့ပေါင်းစု၊ကြောင်းကျိုးရှုသော်
ကောင်းမှုအရွယ်၊မကြီးကျယ်လည်း
စိတ်ဝယ်ဖြစ်ပွား၊မေတ္တာအားနှင့်
ဥာဏ်အားသီသ၊ကြီးကျယ်ကြ၍
ဒါနအလှုခံ၊စင်ကြယ်ပြန်မူ
ကံဟူသရွေ့၊အကျိုးတွေ့မှာ
တစ်စေ့ညောင်လောက်၊ပင်ကြီးပေါက်သည်
နောက်နောက်ယူဖွယ်၊အတုတည်း...။
အရှင်ဇနကာဘိဝံသ