ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Wednesday, April 20, 2011

ကျရှုံးမှုဟာ အောင်မြင်မှုရဲ့လမ်းစပါ

သင် ရှုံးနိမ့်ဖူးသလား? ဒါတော့ မေးစရာပင်မလို။ 
ဘာမှ မလုပ်သောသူသာလျှင် ဘယ်တော့မှ မရှုံးနိမ့်ဆိုတာကို ကျွန်တော်တို့ သိကြသည်။ ကျွန်တော်တို့ ကာယဗလကစားသူများအတွက်ရော။ တခြား ရေးရာများမှာလည်း ကျွန်တော်တို့ ရှုံးနိမ့်ကြသလို ကာယဗလအရာမှာလည်း ရှုံးနိမ့်ခြင်းနှင့် အမြဲလိုလိုရင်ဆိုင်နေရသည်။ 

ကျွန်တော်တို့ ကစားသမားများသည် သာမာန်လူများထက်ပင် ရှုံးနိမ့်ခြင်း(failure) ကို ပိုရင်းနှီးကြသည်။ ဘာကြောင့်လဲ? ဘာကြောင့်ဆို ကျွန်တော်တို့ ကစားတိုင်း အကြိမ်တိုင်း အကျော့တိုင်းမှာ ရှုံးနိမ့်အောင် ကစားရသောကြောင့်ဖြစ်သည်။ အလေးတစ်တုံးကို နောက်ထပ်တစ်ကြိမ် မနိုင်တော့သည်အထိ “မ”ရသောကြောင့်ဖြစ်သည်။ ကြွက်သားတွေ တောင့်တင်းကိုက်ခဲပြီး လုံးဝကျဆုံးသွားသည်အထိ ကစားမှသည် ထိရောက်သည်။ ကျွန်တော်တို့အတွက် ရင်းနှီးပြီးသားပင်။ ရှုံးနိမ့်ခြင်းသည် အောင်မြင်ခြင်းဖြစ်သည်။ ထိုကာယဗလမှ ရသော အယူအဆများကို ထပ်ပေါင်းကာ ကျွန်တော်တို့ ရှုံးနိမ့်ခြင်းဆိုသည်ကို သုံးသပ်ကြည့်ကြရအောင်။
၁။ ရှုံးနိမ့်ခြင်းသည် စကားလုံးပရိယာယ်သာဖြစ်သည်
လွမ်းတို့ မိတ္တဗလဋီကာတွင် ဖတ်ဖူးကြသည်ထဲမှာ အတွေးအခါ် ပညာရှင်ကြီး William James ပြောခဲ့သည် “Action seems to follow feeling, but really action and feeling go altogether and by regulating the action which is under the more direct control of the will, we can indirectly regulating the feeling which is not…”
“Thus the soverign voluntary path to cheerfulness, if our cheerfulness be lost, is to sit up cheerfully and to act and speak as if cheerfulness was already there…” (လုပ်ဆောင်ချက်အပြုအမူသည် ခံစားမှုပြီးမှ လာသလို ထင်ရသည်။ သို့သော် တကယ်တော့ လုပ်ဆောင်ချက်အပြုအမူနှင့် ခံစားမှုသည် တပြိုင်တည်းဖြစ်သည်။ ကိုယ့် စိတ်ထက်သန်မှုအောက်မှာ ရှိသော လုပ်ဆောင်ချက်အပြုအမူကို ချုပ်ကိုင်လွှမ်းမိုးနိုင်လျှင် ကျွန်တော်တို့ ခံစားမှုများကိုလည်း သွယ်ဝိုက်စွာ ချုပ်ကိုင်နိုင်သည်။ ထို့ကြောင့် ပီတိပျော်ရွင်ခြင်း ပျောက်ဆုံးသွားလို့ ပြန်လည်ခေါ်ယူရန် အကောင်းဆုံးသော လုပ်နိုင်သည့် နည်းလမ်းသည် ၀မ်းသာပီတိပျော်ရွှင်နေသကဲ့သို့ နေထိုင်ပြောဆို ပြုမူခြင်းသာလျှင် ဖြစ်သည်။) 
ကျွန်တော်တို့ အယောင်ဆောင်တတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ငိုချင်လျှင် မျက်နှာကို ငိုချင်ယောင်ဆောင်လိုက်။ ၀မ်းသာချင်လျှင် ပြုံးလိုက်။ စသည်ဖြင့် ကျွန်တော်တို့ စိတ်ကို ကာကွယ်တတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ လွမ်းတို့၏ စံပြပုဂ္ဂိုလ်ကြီး အာနိုးသည်လည်း စကားလုံးနှင့် ပတ်သက်လာလျှင်ကို သူ၏ positive mind ကို နည်းနည်းလေးမှ အထိမခံ။ နောက်ပြီးသူသည် စိတ်ဓာတ်စစ်ဆင်ခြင်း၊ စကားစစ်ထိုးခြင်းမှာလည်း အလွန်ကြွယ်ဝသူဖြစ်သည်။ သူသည် အမြဲလိုလို စကားလုံးကို positive တွေ အကောင်းတွေချည်းသာ ပြောသည်။ ဥပမာ ရှုံးဆိုသည့် စကားလုံးကို မပြော၊ အောင်မြင်ဆိုသည့် စကားလုံးသာပြောသည်။ ဆိုပါစို့။ သင့်ကို ရှုံးသည်လို့ ပြောပါက လုံးဝ အဲသည်လို မမှတ်ယူပါနှင့်။ ကိုယ့်ကိုယ်ထဲကို ဘယ်တော့မှ မကောင်းတာတွေ အ၀င်မခံပါနှင့်။ ရှုံးတာမဟုတ် မအောင်မြင်သေးတာပါလို့ ယူဆပါ။ ဝေးကွာတာမဟုတ် မနီးစပ်သေးတာပါလို့ ပြောပါ။ ၀မ်းနည်းတာမဟုတ် မပျော်ရွှင်သေးတာပါ။ ကျတာမဟုတ် မအောင်သေးတာပါ။
၂။ ခိုင်ခံ့သော ကျောထောက်နောက်ခံကြီး ရှိပါစေ။
လှံတံထောက် အမြင့်ခုန်သမားတွေ ဟိုး အဝေးကြီး ဆီကို လှမ်းခုန်နိုင်ကြသည်။ ဘာကြောင့် သူတို့ခုန်နိုင်ကြသနည်း။ အကြောင်းအချက်တွေ အများကြီးထဲမှ အဓိကအချက်သည် ပြန်ကျသည့်အခါ မနာအောင် ခံထားသော ဆိုဖာအခံကြီးကြောင့်ပင်ဖြစ်သည်။ လွမ်းတို့ ဘ၀တွင် အောင်မြင်အောင် ကြိုးစားသရွေ့ကာလပတ်လုံး ရှုံးနိမ့်မှုတွေ တပြုံတခေါင်းကြီး တွေ့ရလိမ့်မည်။ တွေ့ကို တွေ့ပါမည်။ သို့သော် ထိုရှုံးနိမ့်မှုတွေသည် လွမ်းတို့ ကြိုးစားသောကြောင့်သာ ဖြစ်လာရသည်။ မကြိုးစားလျှင် ဘာမှ မရှုံး။ အောက်ခြေမှာနေနေလျှင် ဘာမှ ရှုံးစရာမရှိ။ တခါတလေကျတော့လည်း အထက်ကိုတက်ရင်းနဲ့ အောက်ခြေထိ ရောက်အောင်ကိုပင် တွန်းချခံရတတ်သည်။ bouncing သဘောမျိုးပင်။ ပြန်တက် ပြန်ကျ။ သေချာတာကတော့ အောက်ခြေကနေ ပြန်ကန်ထွက်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ လွမ်းတို့ ဘယ်လောက်ကျကျ၊ ဘယ်လိုကျကျ ထိုအောက်ခြေမှာ ခိုင်ခံ့သော ဆိုဖာတုံးကြီးရှိနေလျှင် ဘာမှ နာစရာမရှိ။ ထိုအောက်ခြေ အခံကြီးကို လွမ်းတို့က လျစ်လျူရှုတတ်ကြသည်။ တန်ဖိုးမထားမိကြ။ လည်ပြန် လှည့်ပတ်ကြည့်လိုက်ပါဦး။ ဘာတွေ လိုနေလဲ။ လွမ်းတို့ အသက်အာမခံ၊ ကျန်းမာရေးအာမခံ ထားလို့ရလား။ ရလျှင် ထားပါ။ ဆေးတွေရော အစုံရှိရဲ့လား။ Vitamin C (အားကစားလုပ်လျှင် စီဗစ် အနည်းဆုံးတစ်နေ့ကို ၁ ဂရမ်လိုအပ်သည်၊ ၁၀၀ မီလီဂရမ် ၁၀လုံးဖြစ်သည်။) Burplex(တစ်နေ့ နှစ်လုံးဆိုလျှင် လုံလောက်သည်) analgesic (ပါရာစီတမော တစ်ကဒ်လောက်ဆောင်ထားပါ)၊ ဓာတ်ဆားထုတ်၊ ၀မ်းပိတ်ဆေး၊ ခေါင်းမူးပျောက်ဆေး၊ ဘာမီတွန်၊ ပရုတ်ဆီ၊ အနာကတ်ပလာစတာ၊ ဘီတာဒင်းအရည်၊ တခြားကိုယ့်သီးသန့် ရောဂါရှိလျှင် သူ့အတွက် ဆေးအပိုများ စသည်ဖြင့် ဆောင်ထားပါ။ အနီးဆုံး ဆေးခန်းက ဘယ်နားမှာလဲ သေချာ မှတ်သားထားပါ။ အရေးပေါ်ထိခိုက်မှုဆို ဆေးရုံကြီးကလွဲ၍ ဘယ်မှ မသွားပါနှင့်။ အမြန်ဆုံးလမ်းကို မှတ်သားထားပါ။ အရေးပေါ် ပိုက်ဆံတွေ ထားထားပါ။
 
သို့သော် ထိုအရာများထက် များစွာ အရေးကြီးသော အချက်တစ်ချက်ရှိသည်။ အကောင်းမွန်ဆုံး ပြုမူနေထိုင်ခြင်းဖြစ်သည်။ လမ်းလွဲမသွားပါနှင့်။ တချို့ နိုင်ငံခြားရောက်နေသူများ illegal နေထိုင်ခြင်း ဖြစ်သွားသည့်အခါ တစ်ခုခု ဖြစ်သွားခဲ့လျှင် မလွယ်။ အောက်ကို ကျလျှင် တမန်သလင်းကြီးသာရှိသည်။ အကောင်းဆုံး နည်းလမ်းဟာဘာလဲ။ ကိုယ့်ကျောထောက်နောက်ခံကြီးကို ခိုင်ခံ့အောင် ပြန်လည် ပြုပြင်တည်ဆောက်ခြင်းဖြစ်သည်။ ကိုယ့်ဒုက္ခတွေကို ခဏမေ့လိုက်ပါ။ ဘေးပတ်ဝန်းကျင်ကို ပြန်ကြည့်ပါ။ ကိုယ့်အဖေအမေ ဘာဖြစ်နေပြီလဲ။ နေကောင်းရဲ့လား၊ အားဆေးတွေသောက်ရဲ့လား။ ၀မ်းနည်းအားငယ်နေလား၊ ချစ်ခင်သိမ်မွေ့စွာ ပြုစုပါ။ မေးမြန်းပါ။ ညီအကိုမောင်နှမတွေရော ဘာတွေလုပ်နေလဲ။ အဆင်ပြေရဲ့လား။ တတ်နိုင်တဲ့ဘက်က ကူညီပါ။ ဖျောင်းဖျပါ။ ပေါင်းသင်းပါ။ ကိုယ့်မိသားစုကို ပြန်လည် သိုက်ဝန်းပါ။ နှစ်ထောင်းအားရပြုံးပါ၊ ပြောပါ။ ဆက်ဆံပါ။ ကိုယ့်မိန်းမ၊ ကိုယ့်ယောက်ျား၊ ကိုယ့်သားသမီး သူတို့တွေ စိတ်ထဲ ဘာတွေ ဖြစ်နေလဲ မြင်မိရဲ့လား။ ကိုယ့်သူငယ်ချင်တွေရော ဖုန်းဆက်ဖြစ်ရဲ့လား၊ အပြင်မှာ ခေါ်တွေ့ပြီး ဆက်သွယ်မိရဲ့လား။ ရုံးခန်းမှာ သူများ စားပွဲဖုန်သုတ်ပေးရသော်လည်း သူတို့အတွက် ကိုယ့်စိတ်ကို ပြန်ဖုန်ခါမိရဲ့လား။
နေ့စဉ်နေ့တိုင်း ကိုယ့်ဘ၀ရဲ့ နောက်ဆုံးနေ့ဖြစ်သကဲ့သို့ နေထိုင်ပါ။ အဲသည့်အချိန်ရောက်လျှင် ကိုယ်သတိရမည်မှာ ဘုရား၊တရားက အရင်ဖြစ်လိမ့်မည်။ ဘယ်လောက်ပင် ဘုရားမယုံကြည်ဘူးပြောပြော၊ နောက်ဆုံးနေ့မှာ ယုံကြည်သွားကြစမြဲဖြစ်သည်။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေ အများကြီးရှိသည်။ ထို့ကြောင့် ဘုရားတရား မှန်မှန်ရှိခိုးပါ။ သူတို့တွေအတွက် ဆုတောင်းပါ။ နည်းမှန်လမ်းမှန် နေထိုင်ပါ။ ရွှင်လန်းချမ်းမြေ့စွာ ဆက်ဆံတတ်အောင်လေ့ကျင့်ပါ။ ကိုယ့်ကို ဘယ်လောက်မုန်းသော မိတ်ဆွေတွေ ရှိသည်ပဲ ဖြစ်ဖြစ် ပြန်လည်မမုန်းပါနှင့်။ ဒေါက်တာ မတင်ဝင်းပြောသလို “ခေါင်းလေးငြိမ့်ပါ။ ပြုံးပါ၊ ပြီးတော့ ကိုယ်လုပ်စရာရှိသည့်အလုပ်ကို ဆက်လုပ်ပါ။” ထိုသို့ ထိုသို့ ပြန်လည်တည်ဆောက်လာသည့်အခါ ဘာဖြစ်လာမလဲ။ ကိုယ့်အတွက် ခိုင်မာသော ဆိုဖာကြီးတွေ တထပ်ပြီး တထပ် တည်ဆောက်နိုင်လာပြီဖြစ်သည်။ ကိုယ်ဘယ်လောက်ပဲ ရှုံးရှုံး ကိုယ့်ချစ်သူက ကိုယ့်ကို ထွေးပွေ့နေမည်သာဖြစ်သည်။ ကိုယ့်အဖေက ကိုယ့်ခေါင်းကို ပုတ်ကာ ပြုံးနေမည်သာဖြစ်သည်။ ကိုယ့်အမေက ကိုယ့်ကို အားရှိအောင် စွတ်ပြုတ်လေးတိုက်ကာ ချော့နေမည်ဖြစ်သည်။ ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ အားလုံးသည် သင့်ဘက်မှာ ရှိနေလိမ့်မည်။ ….. ဘာရှုံးစရာ၊ နာစရာ ရှိနေလို့လဲ။ ပြန်ကန်ထွက်ဖို့သာ ပြင်ရုံသာ။
၃။ တခြားဘယ်အရာမှ အရာမရောက်တော့ပါ။
 
ကိုယ့်ဘေးမှာ ပုံနေသော လုပ်စရာတွေ။ ပြွတ်သိပ်ခတ်နေသော စောင့်နေရသည့် လူအုပ်ကြီးကြားထဲ ရောက်နေတာတွေ။ စုတ်ပဲ့လှသော စကားသံတွေ၊ ညစ်ညူးနေသော မျက်နှာတွေ။ စသည်စသည်ဖြင့် ကိုယ်ပြန်ကန်ပြီး တတ်လာခဲ့သော လမ်းတလျှောက်မှာ တွေ့နေပြီ။ ထို လုပ်စရာအပုံကြီးများကြားမှ သူများတွေ ဖောက်မမြင်နိုင်သော၊ ထိုစကားသံတွေကြားမှ သူများတွေ မကြားနိုင်သော၊ ထိုရှုံ့မဲ့နေသော မျက်နှာပိုင်ရှင်များ မပြုံးနိုင်သော အရာတစ်ခုကို ကိုယ်က မြင်နိုင်၊ ကြားနိုင်၊ ပြုံးနိုင်အောင် ကြိုးစားပါ။ အဲသည့်အရာက ဘာလဲ။ ရည်မှန်းချက်၊ အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်သည် သင့်စိတ်ကို ကြည်လင်သွားစေသည်။ ပြုံးသွားစေသည်။ ကိုယ့်မိသားစုနှင့် အာဂျင်တီးနားက မြစ်လေးတစ်ခုမှာ အေးအေးဆေးဆေး လှေလေးစီးကာ အလည်အပတ်သွားရောက် ပျော်ရွှင်နေရမည့်ပုံကို မြင်ယောင်ပါ။ ကိုယ်နေချင်သည့် ကလောက အိမ်ပုံစံလေးကို အတိအကျ စိတ်ထဲမှာ တည်ဆောက်ကြည့်ပါ။ စသည်ဖြင့် ကိုယ့်အိပ်မက် အကောင်းတွေချည်း မြင်မက်ပါ။ အာနိုးကြီး၏ စိတ်ဓာတ်စစ်ဆင်နည်းကို ကျင့်သုံးပါ။ သောက်သုံးမကျတဲ့သူများရဲ့ စကားတွေကို ပြောင်းပြန်လှန်ပါ။ ထိုအိပ်မက်ဆိုသော ကာကွယ်ဆေးထိုးထားပါ။ ရည်မှန်းချက်ဆိုသော ဒိုင်းကာကြီး ဆောင်ထားပါ။ ကိုယ့်မှာ ခိုင်ခံ့သော ကျောထောက်နောက်ခံ ခံတပ်တံတိုင်းကြီးလည်း ရှိနေပြီ။ ကျလည်း ဘာမှုစရာရှိလဲ။ ဇွဲလုံ့လဆိုသည့် ဓားကိုကိုင်စွဲပြီး အသေသာ နွှဲပေတော့။ ကိုယ့်မှာ ရည်မှန်းချက်၊ အကောင်းမြင်စိတ်ဓာတ်၊ ခိုင်မာသော ကျောထောက်နောက်ခံသာရှိလျှင် တခြား တခြား ဘယ်အရာ့ဘယ်အရာမှ အရေးမပါတော့ပါ။ အရာ မရောက်တော့ပါ။
“I’ve failed over and over and over again in my life and that is why I succeed.” Michael Jordan

No comments:

Post a Comment