တည်နေရာ
မိဂဒါဝုန် ဟူသည်မှာ မိဂဒါယ = မိဂ = သမင်၊ ဒါယ = တော = သမင်တို့ကို ဘေးမဲ့ ပေးရာတော ဖြစ်သည်။ ၀န = တော ကို မြန်မာ စကား ပြောင်းလဲသောအခါ ၀ုန် ဖြစ်လာသည်။ မိဂဒါယ၀န မှ မိဂဒါဝုန် ဖြစ်လာသည်ဟု အဓိပ္ပာယ် ရသည်။
မိဂဒါဝုန်သည် ဗာရာဏသီမြို့မှ (၆)မိုင် ခန့်ကွာဝေးသည်။ ဥတ္တရ ပရာဒေ့ရှ် ပြည်နယ် အတွင်း၌ တည်ရှိသည်။ လုမ္ဗိနီနှင့် (၃၁၂) ကီလိုမီတာ၊ သာဝတ္ထိပြည်နှင့် (၃၃) ကီလိုမီတာ ကွာဝေးသည်။ ဂင်္ဂါမြစ်ကမ်း၌ တည်ရှိ၍ ဟိန္ဒူဘာသာဝင် များအတွက် အထွတ်အမြတ် ထားရာမြို့တစ်မြို့ ဖြစ်ခဲ့သည်။
ဘုရားဖူးလမ်းညွှန်
ကလကတ္တားမှ ဗာရာဏသီ သို့ ကား၊ ရထား၊ လေယာဉ် တို့ဖြင့် တိုက်ရိုက်သွားနိုင်သည်။ သို့မဟုတ် ပတ္တနားနှင့် ဂယာမြို့ များမှတစ်ဆင့် ကား၊ ရထားတို့ဖြင့် သွားနိုင်သည်။ ဗာရာဏသီကို ဗဟိုထား၍ အရှေ့ဘက်ရှိ ဗုဒ္ဓဂယာ၊ ရာဇဂြိဟ်၊ နာလန္ဒ နှင့် ပတ္တနားမြို့များသို့ သွားနိုင်သည်။ တဖန် အနောက်ဘက် ကုသိနာရုံ၊ သာဝတ္ထိ၊ လုမ္ဗနီ ဌာနများသို့ သွားရောက် ဖူးမျှော်နိုင်သည်။
မိဂဒါဝုန်သမိုင်း
မိဂဒါဝုန်မှာ မြတ်စွာဘုရား ပထမ ၀ါကပ်တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ရဟန္တာ ဖြစ်တော်မူကြသည်။ ယသသူဌေးသားနှင့် သူငယ်ချင်း (၅၄)ဦးတို့ ပထမ၀ါတွင်းမှာပင် ရဟန္တာ (၆၀)ဖြစ်၍ ၀ါကျွတ်သောအခါ လေးနယ်လေးရပ် သို့ သာသနာပြု စေလွှတ်တော်မူခဲ့သည်။
ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ရာစုနှစ်ပေါင်း များစွာအတွင်း မိဂဒါဝုန်သည် ဗုဒ္ဓ၀ါဒဆိုင်ရာ အသိပညာ ကျွမ်းကျင်မှုနှင့် အနုပညာ တို့အောင်မြင်ရှင်သန်သည့် ဗဟိုဌာန တစ်ခုအဖြစ်သို့ တိုးတက် ရောက်ရှိခဲ့သည်။ တရုတ်ရဟန်းတော် ဟူရင်ဆန် လက်ထက်တွင် မိဂဒါဝုန်၌ ဘုန်းကြီးကျောင်းနှင့် စေတီပေါင်းများစွာ ရှိသည်။ ရဟန်းသံဃာ (၁၅၀၀) ခန့်ရှိသည်။ ရှေးဟောင်း သုတေသနဆိုင်ရာ စုံစမ်း လေ့လာမှုများအရ မိဂဒါဝုန်တွင် မောရိယ ခေတ်မှသည် အေဒီ ၁၂ ရာစု၏ နောက်ဆုံး နှစ်ဝက်အထိ ဗုဒ္ဓ၀ါဒဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အထောက်အထားများ တွေ့ရှိရသည်။ အာသောကမင်း တရားကြီးခေတ်၌ မိဂဒါဝုန်သည် ဗုဒ္ဓတရားတော် ဖြန့်ချိရာ ဗဟိုဌာန တစ်ခု ဖြစ်လာသည် ။
ဘာသာခြားများ တိုက်ခိုက်ဖျက်ဆီးခြင်း
အေဒီ ၁၁၉၄ ခုနှစ်တွင် မာမွတ်ဂိုရီ ၏ စစ်ဗိုလ်ချုပ်ကြီး ဖြစ်သော ကွတ်ဘွတ်ဒိန် သည် ကျူးကျော် တိုက်ခိုက်၍ ကျောင်းကန်ဘုရားများကို ဖြိုဖျက်ခဲ့သည်။ အာသောက ကျောက်စာတိုင်ကြီးကို ချိုးဖဲ့၍ မြေမှာမြှုပ်နှံလိုက်ကြသည်။ ကံကောင်းထောက်မသဖြင့် ကျောက်စာတိုင်၏ ခေါင်းပိုင်းသည် မပျက်မစီး မြေမြှုပ်နေသဖြင့် ယခုအခါ ပြတိုက်အတွင်း၌ တွေ့မြင်နေရခြင်း ဖြစ်သည်။ ရဟန်းတော် အများစု အသတ်ခံကြရ၍ အချို့မှာ တိဗက်သို့ ထွက်ပြေးသွားကြရသည်။ ဤတွင် မိဂဒါဝုန် သမိုင်းအခန်းကဏ္ဍ ကားပြီးဆုံးခဲ့လေသည်။
ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားလာခြင်း
၁၈၉၁ ခုနှစ်တွင် အနာဂါရိကဓမ္မပါလ မိဂဒါဝုန်သို့ ရောက်လာသော အခါ ဤဒေသမှာ သစ်ပင်ကြီးများ ဖုံးအုပ်လျက် ၀က်မွေးသူများ၏ ၀က်ထိန်းကျောင်းရာ စားကျက်ဖြစ်လျက် ရှိသည်။ ထို့ကြောင့် အနာဂါရိက ဓမ္မပါလ သည် ထိုမြေကွက်ကို ၀ယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မိခင်ကြီး မလ္လိကာ ဟေ၀ါဗိကာ ရနေမာလတေနိ ၏အလှူငွေဖြင့် ပထမဦးဆုံး ၀ယ်ယူခဲ့သည်။ ဒုတိယမြေကွက်ကိုမူ ကွယ်လွန်သူ ဘိန်ဂရာဇာ၏ အလှူငွေဖြင့် ၀ယ်ယူသည်။ မိဂဒါဝုန်ကို ကမ္ဘာက အာရုံစိုက်လာအောင် ပြုလုပ်ခဲ့သူမှာ ဤ အနာဂါရိကဓမ္မပါလ ဖြစ်သည်။ သူသည် မဟာဗောဓိ အသင်းကြီး တည်ထောင်၍ အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာ ရောင်ဝါအရှိန်အဟုန်ဖြင့် ထွန်းလင်းတောက်ပစေရန် ကြိုးပမ်းခဲ့လေသည်။ နှစ်ပေါင်း (၈၀၀)ကျော် တိမ်မြှုပ် ပျောက်ကွယ်နေသော ဗုဒ္ဓသာသနာတော်သည် ပြန်လည် အသက်ဝင်လာခဲ့ လေသည်။
ဗြိတိသျှ ကိုလိုနီခေတ်
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက် ဗြိတိသျှ ကိုလိုနီအစိုးရသည် အိန္ဒိယပြည် ၏ အတိတ်သမိုင်းနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်ခဲ့သည်။ ထိုအထဲတွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသည် အဓိကဖြစ်သည်။ ကျောက်စာဌာန ဖွင့်လှစ်ပြီး ရှာဖွေစုဆောင်းခဲ့သ်ည။ ၁၈၁၅ ခုနှစ်တွင် ကာနယ်လ်မက်ကင်ဇီက ဤဒေသကို တူးဖော်ခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် ဆာအလက်ဇန္ဒာ ကာနယ်လ်ဟန် က စနစ်တကျ တူးဖော်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် မေဂျာ ဘိတိုးက ဆက်လက် တူးဖော်ခဲ့သည်။ မူလဂန္ဓကုဋိဝိဟာရ ကို ယူပီ ဘုရင်ခံ ဆာဟာကုတ် ဘတ္တဂလာ က ၁၉၂၂ ခုနှစ်တွင် အုတ်မြစ်ချ ဆောက်လုပ် ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ကျောင်းတော်ကြီး ဆောက်လုပ်ပြီးစီးသည်။
ပဉ္စ၀ဂ္ဂီ (၅)ဦးအား တရားဦးဟောပြီ
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဂယာတွင် ဗောဓိဥာဏ်ကို ရရှိပြီးနောက် ဆရာဟောင်း တော်စပ်သူ အာဠရကာလာမ နှင့် ဥဒကရာမပုတ္တ တို့ကို တရားဦး ဟောရန် ရှာဖွေသည်။ နှစ်ဦးစလုံးမှာ ကွယ်လွန်သွားနှင့် ကြပြီးဖြစ်သည်။ ထို့နောက် မိမိ၏ အဖော်မိတ်ဆွေဟောင်း ပဉ္စ၀ဂ္ဂီ (၅)ဦးကို ရှာဖွေသည်။ မိဂဒါဝုန်၌ ရှိကြောင်း သိရှိသဖြင့် မိဂဒါဝုန်သို့ ကြွတော်မူသည်။ ပထမတွင် ပဉ္စ၀ဂ္ဂီ(၅)ဦး တို့က မြတ်ဗုဒ္ဓ မြွတ်ဟတော်မူသည့်အတိုင်း မြတ်ဗုဒ္ဓသည် ဗောဓိဥာဏ်ကို အမှန်တကယ်ရပြီး သူဖြစ်ကြောင်း ယုံကြည်ရန် ငြင်းဆိုသည်။ ထိုအခါ မြတ်ဗုဒ္ဓက ယခင်က ငါသည် သင်တို့အား ဤသို့ ပြောကြားခဲ့ဖူး သလား ဟု မေးမြန်းသောအခါ ၄င်းတို့က မပြောကြားဖူးပါကြောင်း ၀န်ခံကြပြီး တရားကို နာယူရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် ဓမ္မစက္ကပ၀တ္တနတရား စင်္ကြာကို လည်စေခြင်း ဓမ္မစကြာတရားတော်ကို ပထမဆုံး တရားဦး အဖြစ် ဟောကြား တော်မူလေသည်။
မိဂဒါဝုန်၌ ဟောကြားသော သုတ္တန်တရားတော်များ
မြတ်ဗုဒ္ဓသည် ပထမ၀ါကို မိဂဒါဝုန်တွင် ကုန်လွန်စေခဲ့သည်။ မိဂဒါဝုန်သို့ အကြိမ်ကြိမ် ကြွရောက်တော်မူခဲ့ပြီး အောက်ပါ သုတ္တန် တရားတော်များကို ဟောကြားတော်မူခဲ့လေသည်

- ဓမ္မစကြာသုတ် (မဇ္ဈိမနိကာယ်)
- အနတ္တလက္ခဏသုတ် (မဇ္ဈိမနိကာယ်)
- ပဉ္စသုတ် (သံယုတ္တနိကာယ်)
- ပါသသုတ် (သံယုတ္တနိကာယ်)
- ဓမ္မဒိန္နသုတ် (သံယုတ္တနိကာယ်)
- အာဒိတ္တပရိယာယသုတ်(မဇ္ဈိမနိကာယ်)
- သစ္စ၀ိဘင်္ဂသုတ် (မဇ္ဈိမနိကာယ်)
- ရထကာရသုတ် (အဂုင်္တ္တရနိကာယ်)
- ဒုတိယသမယသုတ် (အဂုင်္တ္တရနိကာယ်)
- ကဋုဝိယသုတ် (အဂုင်္တ္တရနိကာယ်)
- မေတ္တယျပဥှာ (ပါရယဏေ၀ဂ်)
- သစေတနသုတ်
- မေဇ္စျေသုတ်
- ဟတ္ထိသာရိပုတ္တသုတ်
- ပထမမာရပါသသုတ်
No comments:
Post a Comment