ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Wednesday, November 2, 2011

ချင်းတောင်ပြာတန်း၏ သာသနာပြုခရီး(၂)

ချင်းတောင်တန်းမြေလွှာမှာ ကွဲပြားခြားနားသည့်ဓလေ့၊
မတူညီသော ယဉ်ကျေးမှုနဲ့ဘာသာစကား အခြားဘာသာဝင်တို့၏စစ်မြေပြင်မှာ ခြေစုံရပ်ပြီး
သာသနာ့ပြုတာဝန်ကို ထမ်းဆောင်ရတော့မည်ဆိုတော့ အမှန်တကယ် ရင်ခုန်လှိုက်မော ဖြစ်ခဲ့မိသည်။
အမိတက္ကသိုလ်၏ရင်ခွင်ရိပ်ကို နှုတ်ခွန်းဆက်သမည့်အရေးကို ၀န်လေးနေမိတော့သည်။
သို့သော် အမိတက္ကသိုလ်က အပ်နှင်းပေးလိုက်သော တောင်တန်းသာသနာပြုတာဝန်ကို 
ထမ်းဆောင်ရမှာမို့ ၀မ်းပန်းတသာဖြစ်ပြီး မိမိရင်မှာ ပီတိပန်းပွင့်လွှာများ 
လှိုင်လှိုင်ဖူးပွင့်နေတော့သည်။
အမိတက္ကသိုလ်၏ကျေးဇူးကို ဆပ်ခွင့်ကြုံတော့ပို၍ပင် ကြည်နူးမိသည်။


ချင်းတောင်တန်းသို့ ကြွရောက်၇န် မိမိတို့ခရီးစရိတ်အတွက် သ.ထ.ပရုံးက ၀တ္ထုငွေ ၂၃၅၀၀ကျပ်နဲ့
သင်္ကန်း နှစ်ထပ်ဂွမ်းစောင် ခြေအိတ်လက်အိတ် ခြင်ထောင် မျက်နှာသုတ်ပုဝါ စသော အသုံးအဆောင်တို့ကို လှုဒါန်းလိုက်သည်။
စာရေးသူသည် ချင်းတောင်တန်းသို့ မကြွခင် 
ဇာတိချက်ကြွေမွေးရပ်မြေဖြစ်တဲ့ ပြင်ဦးလွင်သို့ မိဘရိပ်ထံ ခိုလှုံနားစက်ပြီး ၅-ရက်တာမျှပြင်ဦးလွင်မှာ
သီတင်းသုံးခဲ့သည်။
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘနှစ်ပါးနှင့် ညီအကိုမောင်နှမ၊ဒကာ ဒကာမအပေါင်းတို့အား
နှုတ်ခွန်းဆက်သပြီး ချင်းတောင်တန်းသို့ သာသာနာပြုကြွရန် မန္တလေးသို့ ထွက်လာခဲ့တော့သည်။


၁၅-၁၂-၀၅ရက်နေ့မှာ မိမိတို့သူငယ်ချင်းသုံးပါးတို့က 
ကျွဲဆည်ကန် အဝေးပြေးကားကြီးကွင်းမှာ ရောက်လာတော့
ကားရပ်နားစခန်းတွင်ထိုင်စောင့်နေကြသည်။
မိမိတို့အနားမှာ ရခိုင်နှင့်ချင်း ဒကာဒကာမများ(ခရီးသည်များ)ထိုင်နေကြပြီးသူတို့၏မိခင်ဘာသာဖြင့်ပြောနေကြသည်။
သူတို့အချင်းချင်း ပြောနေတာကို နားထောင်ပြီး တစ်ခွန်းမှ နားမလည်...။
မိမိမှာတိုင်းရင်းသား ဘာသာစကား မတတ်သည့်ဒုက္ခအတွက်ကြောင့် 
တောင်တန်းသာသနာပြုတာဝန်ကို ထမ်းရွက်နေစဉ် များစွာဒုက္ခနဲ့ကြုံနေရမည်ဟု ဖော့ပြီးတွေးမိလေရဲ့...။


ညနေညိုဆည်းဆာချိန် ၆-၃၀မှာ  နေခြည်လည်းပျောက် ညအမှောင်သန်းလာပြီး
ကောင်းကင်ယံက ရွှေလစန္ဒာကို ၀န်းရံခနေသော ကြယ်တာရာများလည်း
ဝင်းပလျက် အာကာကို ဖောက်၍ပေါ်မြူးနေကြပြီ...။
လေပြေလေညင်း ဆောင်းရနံ့၏အေးမြသော လေက ကားပြတင်းပေါက်မှတိုးဝှေး၍
ရင်နှစ်စုံဆီ တိုးဝင်လာပြီး ချင်းတောင်တန်းမြေလွှာသို့ စတင်လှမ်းရပြီဟု
သိရချိန် မိမိစိတ်ကလေးက လှိုင်းလုံးပမာ ရင်ခုန်လှိုင်းမှာ လိမ့်ကာ လိမ့်ကာ စီးဆင်းနေလျက်...။
စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)





1 comment:

  1. Thanks for the always useful information. This is great information to help garage type SEO people like me.FonePaw iPhone Data Recovery 3.8.0

    ReplyDelete