နှုတ်ဆက်ခဲ့ပါတယ် မန်းရွှေမြို့တော် ရယ်
အမိတက္ကသိုလ်မေတ္တာရိပ်ကိုလည်း မျက်ရည်မကျအောင်ထိန်းချုပ်ရင်း
နှုတ်ခွန်းဆက်သခဲ့ပါတယ် ...။
အတူနေ သီတင်းသုံးဖော်အပေါင်းတို့အားလည်း ကျောခိုင်းခဲ့ပါတယ်...။
လက်ဆင့်ကမ်း သာသနာ့ပြုတာဝန်ကို အသက်တမျှ ချစ်မြတ်နိုးတဲ့အတွက်
ချင်းတောင်းတန်းမြေလွှာဆီသို့ ကြွလှမ်းနှင်းပြီနော် ဟု နှုတ်ခွန်းဆက်သချိန်
ရင်နှစ်စုံကို နွမ်းစေခဲ့သည်...။
ကစ္ဆပနဒီ အမြန်ယာဉ်ကားက ရခိုင်ရိုးမ တောင်တန်းဆီ ဦးတည်လျက် မန္တလေးမှ ထွက်ခွာလာခဲ့တော့သည်..။
မိမိတို့ စီးလာခဲ့သော ကားက မကွေးမြို့ ဧရာဝတီတံတားကို ဖြတ်သန်းပြီး မင်းဘူးမြို့ ယွန်းယွန်းလေးမှာ
ကားပျက်သွားသဖြင့် ခရီးသည်တို့က ကားပေါ်မှဆင်း၍ စောင့်ဆိုင်းရပြန်သည်။
ရက်ရှည်ခရီးမို့ လွန်စွာပင်ပန်းခဲ့ကြသည်။
သူငယ်ချင်းတို့နှင့် အတူ ကားပေါ်ဆင်းပြီး
အညောင်ပြေ အညာပြေ လမ်းလျှောက်ရင်း ချင်းမြေလွှာသို့ ဘယ်နေ့များ ရောက်နိုင်မလဲဟု
စိတ်ပူစွာ တွေးနေမိသည်။
လမ်းခရီးမှာ တစ်ည ကားပေါ် မှေးစက်ခဲ့ပြီလေ...။
ကားဆရာက ကားအခြေအနေ မဟန်တော့တာကြောင့် ကားပျက်သော နေရာမှ ပဒါန်းရွာထိရောက်အောင်
မောင်းပြီးမှ သေချာစွာ ပြင်တော့မည်ဟု ပြောဆိုပြီး ခရီးသည်အားလုံးတို့က ကားပေါ်သို့ တစ်ဖန် ပြန်တက်ကြသည်။
ပဒါန်းရွာသို့ ရောက်သောအခါ ခရီးသည်အားလုံးတို့က စိတ်ပျက်စွာ ကားပေါ်ဆင်းပြီး
လုံဖူးထမင်းဆိုင်မှာ အနားယူကြသည်....။
နေ့လည်ခင်း၂-နာရီရရှိပြီမို့ မိမိတို့သာသနာပြုရဟန်းတော်သုံးပါးတို့က
ထိုနေ့အတွက် နေ့ဆွမ်းမဘုန်းပေးရ....။အချိန်လွန်၍နေပြီ...။ရေသောက်၍ အာဟာရအဖြင့် အားပြုရတော့သည်...။
ဒီညတော့ ပဒါန်းရွာမှာ စခန်းချပြီး အိပ်ရပြန်သည်...။
ဘုန်းကြီးကျောင်းနဲ့ဝေးသဖြင့် တစ်ချို့က ထမင်းဆိုင်မှာအိပ်ကြသည်...။
မိမိတို့က ကားပေါ်သို့ အိပ်ခဲ့ကြသည်...။ခြင်ကိုက်လို့တစ်ညလို့ အိပ်စက်လို့မရပါ..။
နောက်တစ်နေ့ မိုးစင်စင်လင်း၍ နေခြည်ရောင်ဦး ဖြာထွက်လာသောအခါ
သူငယ်ချင်းနှင့်အတူ လမ်းလျှောက်ကာ ဆောင်းဝတ်မှုန်နှင်းဖွေးဖွေးနံနက်ခင်းအလှကို ဖြတ်သန်းရင်း
နံနက်ခင်း၈နာရီတွင် လုံဖူးထမင်းဆိုင်မှာ အရုဏ်ဆွမ်းဘုန်းပေးကြသည်...။
ဤနေ့မှာ ခရီသည်တို့အတွက် ကံကောင်းသည်ဟု ဆိုကြရမည်..။
မင်းဘူးမြို့ကို ကားပစ္စည်းသွားဝယ်သည့်ကားဆရာက ပြန်မရောက်နိုင်သေး
သို့အတွက် ရွှေစက်တော်ဘုရားကို သွားရောက်ဖူးမြော်ရန် ထော်လာဂျီကား တစ်စီးကို
စုပေါင်းငှားကြသည်...။ပဒါန်းမှ ရွှေစက်တော် သို့ (၁၃)မိုင်ခန့် အလှမ်းဝေးပါသည်...။
ရွှေစက်တော်ဘုရားသို့ သွားဖူးကြမည်ဟု မည်သို့မျှ မရည်ရွယ်ဘဲ ယခုတော့အခွင့်သာ၍
ရောက်ခဲ့ပါပြီလေ...။
စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)

No comments:
Post a Comment