ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Friday, April 15, 2011

ကုသိုလ်ပန်းကုံးသီကုံးပန်ဆင်(၃)



Chapter 03

၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။

၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။

33. The mind is restless, unsteady, hard to guard, hard to control. The wise man makes it straight, like a Fletcher straightens his arrows.

34. Like a fish quivers when taken out from his watery home and thrown on land, our mind struggles to get free from the power of Mara's sway (kilesas, moral defilements).

၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

၃၅။ နှိမ်နင်းရန်ခဲယဉ်း၍ လျင်မြန်သောသဘောရှိသော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ဆုံးမခြင်း သည်ကောင်း၏၊ (ဆုံးမပြီး၍)ယဉ်ကျေးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

35. It is good to tame the mind, which is difficult to restrain. It flies after fancies wherever it likes. A disciplined mind brings happiness.

၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

၃၆။ အလွန့်အလွန်မြင်နိုင်ခဲသော အလွန့်အလွန်သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာ ရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

36. Invisible and subtle is the mind, and it flies after fancies wherever it likes, but let the wise man guard well his mind, for a mind well-guarded is a source of great joy.

၃၇။ ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။ (ဧကစာရံ)
ယေ စိတ္တံ သံယမိဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

၃၇။ အဝေးသို့သွားတတ်သော တစ်ဦးတည်းကျက်စားသော ကိုယ်ကောင်အထည်မရှိသော (ဟဒယ ၀တ္ထု)လိုဏ်ဂူ၌မှီသောစိတ်ကို အကြင်သူတို့သည် စောင့်စည်း(ချုပ်တည်း)ကြကုန်၏၊ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။

37. Those who control their mind which travels far, moves about alone, hides in the chamber of the heart, are free from the bonds of Mara ( the tempter).

၃၈။ အန၀ဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အ၀ိဇာနတော။
ပရိ ပ္လ၀ပသာဒဿ၊ ပညာ န ပရိပူရတိ။

၃၉။ အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

၃၈။ မတည်တံ့သောစိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။

၃၉။ (ရာဂ)မစိုစွတ်သောစိတ်ရှိသော၊ (ဒေါသ)ထိခိုက်သောစိတ်မရှိသော ကောင်းမှုမကောင်းမှုကို ပယ်ပြီးသော နိုးကြားသောပုဂ္ဂိုလ်အား ဘေးသည်မရှိ။

38. He whose mind is unsteady, who knows not the path of truth (Dhamma), whose faith in peace is wavering, he shall never reach fullness of wisdom.

39. For the wakeful one whose mind is free from passion, whose thoughts are undisturbed, who has given up both good and evil, there is no fear.

၄၀။ ကုမ္ဘူပမံ ကာယမိမံ ၀ိဒိတွာ၊ နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊ ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

၄၀။ ဤ(သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟုသိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌သက်ဝင် စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏၊ (တိုက်ခိုက်၍) အောင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်ထားရာ၏။

40. Knowing this body to be like an earthen jar, making the mind like a fortified city, one should fight Mara (all temptations) with the weapon of knowledge and continue to guard the mind on what has been gained – without attachment to it.

၄၁။ အစိရံ ၀တယံ ကာယော၊ ပထ၀ိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတ၀ိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။

၄၁။ ဤခန္ဓာကိုယ်သည် ၀ိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည် ဖြစ်၍ မကြာမှီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။

41. For before long, this body will lifeless lie on the ground, without consciousness, abandoned like a useless log.

၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ၀ါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။

၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထို စိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။

42. What an enemy may do to an enemy, or a hater to a hater, but a man's own mind, if wrongly directed, can do him a far greater harm.

၄၃။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ၀ါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။

43. Not mother, neither father, nor any other relatives will do well to a man, but his own right directed mind can do it to him for his well-being.

Saturday, April 9, 2011

ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကိုလင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့
သူလဲလေလောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်...။

တစ်သိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာပင့်လေအဖျူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာဘယ်ညာလူးလေတော့
သူတို့လိုဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်...။

တ၀ါဝါသင်္ကန်းရယ်က
ကမ္ဘာမှာဘ၀င်ချမ်းစေတဲ့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့သတိဆွယ်
ရည်ရွယ်တော့သလား...။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာအ၀ါခြယ်၍
မာလာအလယ်မှာ နွဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကိုဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာတဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ....။
ဇော်ဂျီ







Friday, April 8, 2011

မြတ်စွာဘုရားရှင်နှင့်မိဂဒါဝုန်

ပါဠိစာပေများ၌ မိဂဒါဝုန်တော လေးမျိုးလောက် တွေ့ရသည်။
၁။ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့အနီးရှိ ဘေသကဠာဝန မိဂဒါဝုန်။
၂။ ကောသလတိုင်း ဥရုညာမြို့ ကဏ္ဏကတ္ထလ မိဂဒါဝုန်။
၃။ မဂဓတိုင်း ရာဇဂြိုဟ် ဂိဇ္ဈကုဋ်တောင်ခြေရှိ မဒ္ဒကုစ္ဆိ မိဂဒါဝုန်။
၎။ ဗာရာဏသီအနီး ဣသိပတန မိဂဒါဝုန် တို့ဖြစ်သည်။
ထိုတွင် အမှတ် ၄-သည် အထင်ရှားဆုံးဖြစ်သည်။

ဣသိပတန =ရသေ့ ရဟန်း သူတော်စင်တို့ ကျရောက် လာရောက် ပျော်မွေ့ရာတော-ဟု အဓိပ္ပါယ်ရသည်။
ဗုဒ္ဓမြတ်စွာ ဗုဒ္ဓဂယာမှ ကြွလာတော်မူ၍ လူသံကင်းဝေး အေးဆေးငြိမ်သက်လှစွာ မိဂဒါဝုန် ရဂုံသာမော ဤမြိုင်တော၌ ထိုခေတ်က မည်သည့်ပညာရှင်မှ မညွှန်ပြနိုင်သော မဇ္ဈိမပဋိပဒါ လမ်းစဉ်ပြ ဓမ္မစကြာ တရားထူးကို ၀ါဆိုလပြည့်နေ့မှ လပြည့်ကျော် ၄-ရက်ထိ ဟောကြားကာ ပဉ္စ၀ဂ္ဂီ ၅-ဦးကို သောတာပန် ဖြစ်စေတော်မူခဲ့သည်၊ ဤနေရာ၌ အသောကမင်းကြီးသည် ကျောက်တိုင်စိုက်၍ စေတီတော်ကြီးများ တည်ထားခဲ့သည်။

ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ခန္ဓာငါးပါးတို့၏ အနှစ်သာရကင်းမဲ့ပုံပြ အနတ္တလက္ခဏသုတ်တော်ကို ဆက်လက် ဟောကြားကာ ရဟန္တာဖြစ်စေတော်မူခဲ့သည်၊ မိမိ၏အဆုံးအမ ဓမ္မရတနာကို တဆင့်ဖြန့်ဝေမည့် သံဃာရတနာကို ပဉ္စ၀ဂ္ဂီငါးဦးဖြင့် စတင်ဖွဲ့စည်းတော်မူခဲ့သည်။

သံဃာအစ ပဉ္စ၀ဂ္ဂီ-က ဟု ဆိုထိုက်သော ပဉ္စ၀ဂ္ဂီငါးဦးလုံးပင် ဗုဒ္ဓ၏မွေးရပ်မြေ ကပိလ၀တ်နယ်သားများ ဖြစ်ကြသည်၊ ထို ၅-ဦးတွင် အကြီးဆုံး အရှင်ကောဏ္ဍည၏ အကြောင်းအရာ အပြည့်အစုံကို ပိဋကတ်တော်၌ တွေ့ရ၍ အရှင်အဿဇိ၏ အကြောင်းအရာကို အတော်အသင့် တွေ့ရသည်၊ အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ, အရှင်မဟာနာမ်တို့၏ အကြောင်းအရာကိုမူ အနည်းငယ်သာ တွေ့ရသည်၊ ထိုသို့ဖြစ်ခြင်းမှာ ပုဂ္ဂိုလ်ရေးထက် ဓမ္မကို ဦးစားပေးသောခေတ်ဖြစ်၍ ဓမ္မနှင့် ပတ်သက်သမျှကိုသာ မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။

အရှင်ကောဏ္ဍညသည် ဘုရားအလောင်းတော်၏ လက္ခဏာကို ကြည့်ရှုစစ်ဆေးကြသော ဝေဒပါရဂူ ပဏ္ဍိတ်ဗြဟ္မဏ ၈-ဦးအနက် အငယ်ဆုံးဖြစ်သည်၊ အလောင်းတော်ဘုရား ဧကန်ဖြစ်လိမ့်မည်-ဟုသိ၍ အလောင်းတော် တောထွက်ပြီးချိန်လောက်မှာပင် အခြားပဏ္ဍိတ်များ၏သား ၄-ယောက်နှင့်အတူ ရသေ့ဝတ်လျက် တောထွက်ခဲ့သည်။

ဗုဒ္ဓထက် သက်တော် ၁၆-နှစ်လောက် ကြီးဟန်တူ၍ ဗုဒ္ဓဘုရားဖြစ်တော်မူချိန်တွင် သက်တော် ၅၀-ကျော်ရှိပေလိမ့်မည်၊ ၀ါဆိုလပြည့်နေ့ဝယ် ဓမ္မစကြာ၏အဆုံး၌ သောတာပန် ဖြစ်တော်မူသည်၊
ဗုဒ္ဓမြတ်စွာ၏ အညာသိ ၀တ ဘော ကောဏ္ဍညော-ကောဏ္ဍည သစ္စာတရားသိပြီ-ဟူသော စကားတော်ကြောင့် အညာသိ ကောဏ္ဍည-ဟု နာမည်ဖြစ်လာသည်၊ အနတ္တလက္ခဏသုတ်တော်ကို နာရ၍ ၀ါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ရဟန္တာ ဖြစ်တော်မူသည်။

သာဝကအားလုံးတွင် ၀ါအကြီးဆုံးနှင့် ပထမဆုံး တရားထူးရရှိသူ ရတ္တညူဧတဒဂ်ဘွဲ့ ရရှိတော်မူသည်၊ ဗုဒ္ဓနှင့်အတူ သာသနာပြုတော်မူ၍ အဂ္ဂသာဝက, မဟာသာဝကများ စုံစုံညီညီဖြစ်လာသောအခါတွင်
ဆဒ္ဒန်အိုင်အနီး တောအုပ်သို့ ကြွတော်မူ၍ တပါးတည်းသီးတင်းသုံးတော်မူသည်၊ တောသို့မကြွမီ မိမိ၏နှမ မန္တာဏီပုဏ္ဏေးမ၏သား တူဖြစ်သူ ပုဏ္ဏအမျိုးသားကို ရဟန်းပြုပေးခဲ့သည်၊ အရှင်ပုဏ္ဏလည်း တရားဟောဓမ္မကိကတို့တွင် အသာဆုံး ဧတဒဂ်ရ ရဟန္တာ ဖြစ်တော်မူသည်။

ဆဒ္ဒန်တော၌ ၁၂-နှစ်ကြာနေ၍ ပရိနိဗ္ဗာန် စံတော်မူသည်၊ ပရိနိဗ္ဗာန်စံတော်မူခါနီးတွင် ဗုဒ္ဓထံ အဖူးအမြော် တခေါက် လာသေးသည်၊ ဤအကြောင်းကို ပါဠိကဗျာ ( ဂါထာ ) စာဆို ရဟန္တာအရှင်ဝဂီင်္ိသ-က ဂါထာရေးဖွဲ့ မှတ်တမ်းတင်ထားသည်။

အငယ်ဆုံး အဿဇိ အရှင်မြတ်ကား ဗုဒ္ဓတရားကို အတိုချုပ်၍ ဟောတော်မူလေ့ရှိဟန်တူသည်၊ အရှင်မြတ်သည် လက်ယာတော်ရံ ပညာအကြီးဆုံး ဧတဒဂ်ရ ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာ၏ဆရာ ဖြစ်တော်မူသည်၊ ဗုဒ္ဓမြတ်စွာ ပထမ၀ါဆိုပြီးနောက် ပြာသိုလ်လပြည့်နေ့တွင် ရာဇဂြိုဟ်သို့ရောက်၍ သီတင်းသုံးတော်မူခိုက် ၁၅-ရက်ခန့်အကြာ တပို့တွဲလဆန်း ၁-ရက်နေ့လောက်တွင် အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်လာသော အရှင်အဿဇိကို တွေ့သည်။

အရှင်အဿဇိ၏ ထူးခြားသောဣနြေ္ဒနှင့် ကြည်ညိုဖွယ်ရာ ကြွသွားပုံကိုမြင်၍ တရားထူးရသူ ဖြစ်လိမ့်မည်-ဟု ဆုံးဖြတ်ကာ တရားဟောရန် လျှောက်ထားသည်၊ အရှင်အဿဇိ-က ဓမ္မစကြာသုတ်တော် တခုလုံးကို ရည်ညွှန်းသော ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ-စသော ဂါထာကို ဟောတော်မူရာ ဥပတိဿ သောတာပန် ဖြစ်တော်မူသည်။

အခါတပါး ဗုဒ္ဓမြတ်စွာ ဝေသာလီပြည် မဟာဝုန်တော၌ ပဉ္စမ၀ါဆိုတော်မူသည်၊ ထိုအချိန်၌ အဂ္ဂိဝေဿန အနွယ်ရှိသော သစ္စကပရိဗိုဇ်သည် ဗုဒ္ဓနှင့် ၀ါဒ ( အယူ ) ပြိုင်ဆိုင်မပြောမီ လမ်းလျှောက်ထွက်လာရင်း
ဝေသာလီမြို့တွင်း ဆွမ်းခံကြွလာသော အရှင်အဿဇိကို တွေ့သည်၊ ဗုဒ္ဓ၏၀ါဒကို ကြိုတင်သိထားလျှင် စကားပြောရာ၌ နိုင်မည်-ဟု ယူဆ၍ ရဟန်းဂေါတမသည် သာဝကများကို ဘယ်လိုတရားမျိုးဖြင့် ဆုံးမပါသလဲ-ဟု မေးလေသည်။

အဿဇိထေရ်က အနတ္တလက္ခဏသုတ်တော် တခုလုံးကို အတိုချုံး၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ,
ဝိညာဉ် ခန္ဓာငါးပါးသည် အနိစ္စ အနတ္တဖြစ်၏ဟု ဗုဒ္ဓဆုံးမလေ့ရှိကြောင်း မိန့်တော်မူသည်။
အရှင်ပဏ္ဍိတာဘိဝံသ

Monday, April 4, 2011

မိဂဒါဝုန် တောရိပ်မြုံ၏ပုံရိပ်

တည်နေရာ
မိဂဒါဝုန် ဟူသည်မှာ မိဂဒါယ = မိဂ = သမင်၊ ဒါယ = တော = သမင်တို့ကို ဘေးမဲ့ ပေးရာတော ဖြစ်သည်။ ၀န = တော ကို မြန်မာ စကား ပြောင်းလဲသောအခါ ၀ုန် ဖြစ်လာသည်။ မိဂဒါယ၀န မှ မိဂဒါဝုန် ဖြစ်လာသည်ဟု အဓိပ္ပာယ် ရသည်။

မိဂဒါဝုန်သည် ဗာရာဏသီမြို့မှ (၆)မိုင် ခန့်ကွာဝေးသည်။ ဥတ္တရ ပရာဒေ့ရှ် ပြည်နယ် အတွင်း၌ တည်ရှိသည်။ လုမ္ဗိနီနှင့် (၃၁၂) ကီလိုမီတာ၊ သာဝတ္ထိပြည်နှင့် (၃၃) ကီလိုမီတာ ကွာဝေးသည်။ ဂင်္ဂါမြစ်ကမ်း၌ တည်ရှိ၍ ဟိန္ဒူဘာသာဝင် များအတွက် အထွတ်အမြတ် ထားရာမြို့တစ်မြို့ ဖြစ်ခဲ့သည်။

ဘုရားဖူးလမ်းညွှန်
ကလကတ္တားမှ ဗာရာဏသီ သို့ ကား၊ ရထား၊ လေယာဉ် တို့ဖြင့် တိုက်ရိုက်သွားနိုင်သည်။ သို့မဟုတ် ပတ္တနားနှင့် ဂယာမြို့ များမှတစ်ဆင့် ကား၊ ရထားတို့ဖြင့် သွားနိုင်သည်။ ဗာရာဏသီကို ဗဟိုထား၍ အရှေ့ဘက်ရှိ ဗုဒ္ဓဂယာ၊ ရာဇဂြိဟ်၊ နာလန္ဒ နှင့် ပတ္တနားမြို့များသို့ သွားနိုင်သည်။ တဖန် အနောက်ဘက် ကုသိနာရုံ၊ သာဝတ္ထိ၊ လုမ္ဗနီ ဌာနများသို့ သွားရောက် ဖူးမျှော်နိုင်သည်။

မိဂဒါဝုန်သမိုင်း
မိဂဒါဝုန်မှာ မြတ်စွာဘုရား ပထမ ၀ါကပ်တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ရဟန္တာ ဖြစ်တော်မူကြသည်။ ယသသူဌေးသားနှင့် သူငယ်ချင်း (၅၄)ဦးတို့ ပထမ၀ါတွင်းမှာပင် ရဟန္တာ (၆၀)ဖြစ်၍ ၀ါကျွတ်သောအခါ လေးနယ်လေးရပ် သို့ သာသနာပြု စေလွှတ်တော်မူခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ရာစုနှစ်ပေါင်း များစွာအတွင်း မိဂဒါဝုန်သည် ဗုဒ္ဓ၀ါဒဆိုင်ရာ အသိပညာ ကျွမ်းကျင်မှုနှင့် အနုပညာ တို့အောင်မြင်ရှင်သန်သည့် ဗဟိုဌာန တစ်ခုအဖြစ်သို့ တိုးတက် ရောက်ရှိခဲ့သည်။ တရုတ်ရဟန်းတော် ဟူရင်ဆန် လက်ထက်တွင် မိဂဒါဝုန်၌ ဘုန်းကြီးကျောင်းနှင့် စေတီပေါင်းများစွာ ရှိသည်။ ရဟန်းသံဃာ (၁၅၀၀) ခန့်ရှိသည်။ ရှေးဟောင်း သုတေသနဆိုင်ရာ စုံစမ်း လေ့လာမှုများအရ မိဂဒါဝုန်တွင် မောရိယ ခေတ်မှသည် အေဒီ ၁၂ ရာစု၏ နောက်ဆုံး နှစ်ဝက်အထိ ဗုဒ္ဓ၀ါဒဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အထောက်အထားများ တွေ့ရှိရသည်။ အာသောကမင်း တရားကြီးခေတ်၌ မိဂဒါဝုန်သည် ဗုဒ္ဓတရားတော် ဖြန့်ချိရာ ဗဟိုဌာန တစ်ခု ဖြစ်လာသည် ။

ဘာသာခြားများ တိုက်ခိုက်ဖျက်ဆီးခြင်း

အေဒီ ၁၁၉၄ ခုနှစ်တွင် မာမွတ်ဂိုရီ ၏ စစ်ဗိုလ်ချုပ်ကြီး ဖြစ်သော ကွတ်ဘွတ်ဒိန် သည် ကျူးကျော် တိုက်ခိုက်၍ ကျောင်းကန်ဘုရားများကို ဖြိုဖျက်ခဲ့သည်။ အာသောက ကျောက်စာတိုင်ကြီးကို ချိုးဖဲ့၍ မြေမှာမြှုပ်နှံလိုက်ကြသည်။ ကံကောင်းထောက်မသဖြင့် ကျောက်စာတိုင်၏ ခေါင်းပိုင်းသည် မပျက်မစီး မြေမြှုပ်နေသဖြင့် ယခုအခါ ပြတိုက်အတွင်း၌ တွေ့မြင်နေရခြင်း ဖြစ်သည်။ ရဟန်းတော် အများစု အသတ်ခံကြရ၍ အချို့မှာ တိဗက်သို့ ထွက်ပြေးသွားကြရသည်။ ဤတွင် မိဂဒါဝုန် သမိုင်းအခန်းကဏ္ဍ ကားပြီးဆုံးခဲ့လေသည်။

ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားလာခြင်း

၁၈၉၁ ခုနှစ်တွင် အနာဂါရိကဓမ္မပါလ မိဂဒါဝုန်သို့ ရောက်လာသော အခါ ဤဒေသမှာ သစ်ပင်ကြီးများ ဖုံးအုပ်လျက် ၀က်မွေးသူများ၏ ၀က်ထိန်းကျောင်းရာ စားကျက်ဖြစ်လျက် ရှိသည်။ ထို့ကြောင့် အနာဂါရိက ဓမ္မပါလ သည် ထိုမြေကွက်ကို ၀ယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မိခင်ကြီး မလ္လိကာ ဟေ၀ါဗိကာ ရနေမာလတေနိ ၏အလှူငွေဖြင့် ပထမဦးဆုံး ၀ယ်ယူခဲ့သည်။ ဒုတိယမြေကွက်ကိုမူ ကွယ်လွန်သူ ဘိန်ဂရာဇာ၏ အလှူငွေဖြင့် ၀ယ်ယူသည်။ မိဂဒါဝုန်ကို ကမ္ဘာက အာရုံစိုက်လာအောင် ပြုလုပ်ခဲ့သူမှာ ဤ အနာဂါရိကဓမ္မပါလ ဖြစ်သည်။ သူသည် မဟာဗောဓိ အသင်းကြီး တည်ထောင်၍ အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာ ရောင်ဝါအရှိန်အဟုန်ဖြင့် ထွန်းလင်းတောက်ပစေရန် ကြိုးပမ်းခဲ့လေသည်။ နှစ်ပေါင်း (၈၀၀)ကျော် တိမ်မြှုပ် ပျောက်ကွယ်နေသော ဗုဒ္ဓသာသနာတော်သည် ပြန်လည် အသက်ဝင်လာခဲ့ လေသည်။

ဗြိတိသျှ ကိုလိုနီခေတ်

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက် ဗြိတိသျှ ကိုလိုနီအစိုးရသည် အိန္ဒိယပြည် ၏ အတိတ်သမိုင်းနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်ခဲ့သည်။ ထိုအထဲတွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသည် အဓိကဖြစ်သည်။ ကျောက်စာဌာန ဖွင့်လှစ်ပြီး ရှာဖွေစုဆောင်းခဲ့သ်ည။ ၁၈၁၅ ခုနှစ်တွင် ကာနယ်လ်မက်ကင်ဇီက ဤဒေသကို တူးဖော်ခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် ဆာအလက်ဇန္ဒာ ကာနယ်လ်ဟန် က စနစ်တကျ တူးဖော်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် မေဂျာ ဘိတိုးက ဆက်လက် တူးဖော်ခဲ့သည်။ မူလဂန္ဓကုဋိဝိဟာရ ကို ယူပီ ဘုရင်ခံ ဆာဟာကုတ် ဘတ္တဂလာ က ၁၉၂၂ ခုနှစ်တွင် အုတ်မြစ်ချ ဆောက်လုပ် ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ကျောင်းတော်ကြီး ဆောက်လုပ်ပြီးစီးသည်။

ပဉ္စ၀ဂ္ဂီ (၅)ဦးအား တရားဦးဟောပြီ

မြတ်ဗုဒ္ဓသည် ဗုဒ္ဓဂယာတွင် ဗောဓိဥာဏ်ကို ရရှိပြီးနောက် ဆရာဟောင်း တော်စပ်သူ အာဠရကာလာမ နှင့် ဥဒကရာမပုတ္တ တို့ကို တရားဦး ဟောရန် ရှာဖွေသည်။ နှစ်ဦးစလုံးမှာ ကွယ်လွန်သွားနှင့် ကြပြီးဖြစ်သည်။ ထို့နောက် မိမိ၏ အဖော်မိတ်ဆွေဟောင်း ပဉ္စ၀ဂ္ဂီ (၅)ဦးကို ရှာဖွေသည်။ မိဂဒါဝုန်၌ ရှိကြောင်း သိရှိသဖြင့် မိဂဒါဝုန်သို့ ကြွတော်မူသည်။ ပထမတွင် ပဉ္စ၀ဂ္ဂီ(၅)ဦး တို့က မြတ်ဗုဒ္ဓ မြွတ်ဟတော်မူသည့်အတိုင်း မြတ်ဗုဒ္ဓသည် ဗောဓိဥာဏ်ကို အမှန်တကယ်ရပြီး သူဖြစ်ကြောင်း ယုံကြည်ရန် ငြင်းဆိုသည်။ ထိုအခါ မြတ်ဗုဒ္ဓက ယခင်က ငါသည် သင်တို့အား ဤသို့ ပြောကြားခဲ့ဖူး သလား ဟု မေးမြန်းသောအခါ ၄င်းတို့က မပြောကြားဖူးပါကြောင်း ၀န်ခံကြပြီး တရားကို နာယူရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် ဓမ္မစက္ကပ၀တ္တနတရား စင်္ကြာကို လည်စေခြင်း ဓမ္မစကြာတရားတော်ကို ပထမဆုံး တရားဦး အဖြစ် ဟောကြား တော်မူလေသည်။

မိဂဒါဝုန်၌ ဟောကြားသော သုတ္တန်တရားတော်များ

မြတ်ဗုဒ္ဓသည် ပထမ၀ါကို မိဂဒါဝုန်တွင် ကုန်လွန်စေခဲ့သည်။ မိဂဒါဝုန်သို့ အကြိမ်ကြိမ် ကြွရောက်တော်မူခဲ့ပြီး အောက်ပါ သုတ္တန် တရားတော်များကို ဟောကြားတော်မူခဲ့လေသည်
  • ဓမ္မစကြာသုတ် (မဇ္ဈိမနိကာယ်)
  • အနတ္တလက္ခဏသုတ် (မဇ္ဈိမနိကာယ်)
  • ပဉ္စသုတ် (သံယုတ္တနိကာယ်)
  • ပါသသုတ် (သံယုတ္တနိကာယ်)
  • ဓမ္မဒိန္နသုတ် (သံယုတ္တနိကာယ်)
  • အာဒိတ္တပရိယာယသုတ်(မဇ္ဈိမနိကာယ်)
  • သစ္စ၀ိဘင်္ဂသုတ် (မဇ္ဈိမနိကာယ်)
  • ရထကာရသုတ် (အဂုင်္တ္တရနိကာယ်)
  • ဒုတိယသမယသုတ် (အဂုင်္တ္တရနိကာယ်)
  • ကဋုဝိယသုတ် (အဂုင်္တ္တရနိကာယ်)
  • မေတ္တယျပဥှာ (ပါရယဏေ၀ဂ်)
  • သစေတနသုတ်
  • မေဇ္စျေသုတ်
  • ဟတ္ထိသာရိပုတ္တသုတ်
  • ပထမမာရပါသသုတ်
စသည်တို့ ဖြစ်လေသည်။

Sunday, April 3, 2011

ဓမ္မပန်းကုံးသီကုံးပန်ဆင်(၂)

၂။ အပ္ပမာဒ၀ဂ္ဂ Chapter 02


Chapter 02

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

၂၃။ ထိုပညာရှိတို့သည် (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။

21. Awareness is the path to the deathless (Nibbana), unawareness, the path of death. Those who are aware do not die; those who are unaware are as if dead already.

22. Those who, with a clean mind have seen this truth, those who are wise and ever-watchful, they feel the joy of watchfulness, the joy of the path of the Noble Ones (Ariyas).

23. And the wise who devote themselves to meditation and in deep contemplation with ever-living power advance on the path, they in the end reach Nibbana, incomparable release from bonds.

၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။

၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။

24. Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in accordance with truth (right livelihood), that person will arise in glory.

၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။

၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့် လည်းကောင်း၊ (သီလ) စောင့်စည်းခြင်း နှင့်လည်းကောင်း၊ (ဣနြေ္ဒကို) ဆုံးမခြင်းနှင့် လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကို ပြုလုပ်ရာ၏၊ ယင်းသည့် ကျွန်းကို ကိလေသာရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။

25. By earnestness, by mindfulness, by restraint and self-control (with regard to moral precepts), the wise man could make an island (in the sea of mental defilements) that a flood of passion cannot sweep away.

၂၆။ ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။

၂၇။ မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထ၀ံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ၀ိပုလံ သုခံ။

၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကို အားထုတ်ကြကုန်၏၊ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။

၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟုဆိုသော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်)ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။

26. Foolish and unintelligent people engage in unawareness. But the wise one guards awareness like the greatest treasure.

27. Do not indulge in negligence, do not be intimate with attachment to lust and desires. The vigilant one who is established in mindfulness and aware can gain Nibbana, the joy supreme.

၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။

၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏၊ စိုးရိမ်မှုကင်းသော ရဟန္တာ သည် ဒိဗ္ဗစက္ခုဟုဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏၊ တောင်ထိပ်၌တည်သောသူသည် မြေပြင်၌တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်)သူမိုက်တို့ကို ရှုကြည့်၏။

28. The wise expels unawareness by awareness, negligence by vigilance, climbing the tower of wisdom, sorrow less, the wise one (the Arahant) looks down upon the sorrowing crowd as one standing on the mountain looks down those standing on the ground below.

၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။

၂၉။ လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို ချန်၍ သွားသကဲ့သို့၊ မေ့လျော့သူ အပေါင်းတို့တွင် မမေ့လျော့သောပညာရှိသည် မေ့လျော့သူကိုချန်ထား၍ သွား၏၊ သတိလွတ်ကင်း နိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွားများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်း မရှိသူများကို) စွန့်ထား၍သွား၏။

29. Watchful among the unwatchful, vigilant among the heedless, the wise man like a swift horse runs his race, outrunning those leaving behind who are slow.

၃၀။ အပ္ပမာဒေန မဃ၀ါ၊ ဒေ၀ါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

၃၀။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ရောက်၏၊ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏၊ (ကုသိုလ် ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။

30. Magha young man rose to the lordship of the gods by mindfulness (in doing meritorious deeds). The wise praise earnestness; negligence in doing virtuous deeds is always blamed.

၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့)သွား၏။

31. The monk who delights in awareness and fears negligence goes to Nibbana destroying all fetters like a fire burning all obstacles both great and small.

၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။

၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။

32. The monk who delights in awareness and fears in negligence cannot fall away (from his perfect state) – he is very close upon Nibbana.

Friday, April 1, 2011

ခုနှစ်နေ့ဘုရားရှိခိုး



ဘုရားရှင် ပဋိသန္ဓေ နေတော်မူသည့်နေ့

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင် စင်္ကြာဝဠာ၊
နတ်ဗြဟ္မာတို့ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဖို့၊ ကိန်းပါကို။ ။
(မဟာသက္ကရာဇ် ၆၇- ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၌ ပဋိသန္ဓေနေတော်မူသည်။)



ဘုရားရှင် ဖွားမြင် တော်မူသည့်နေ့

သန္ဓေယူခါ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ် ၆၈ ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ် လူ အောင်မြို့၊ လမ်းပါကို။ ။
(မဟာသက္ကရာဇ် ၆၈- ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ် လုမ္ဗိနီ၌ ဖွားမြင်တော်မူသည်။)

ဘုရားရှင် တောထွက် တော်မူသည့်နေ့

ဖွားမြင်မြောက်သော်၊ ၁၆ နှစ်ရွယ် ပျိုနုနယ်၌၊
သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ၁၃ နှစ်လျင်၊
ဘုန်းသစ်လျံလူ၊ စံတော်မူ၍၊
ရွယ်တော်ဖြိုးစ ၂၉ ဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို သံဝေပိုက၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရိပ်လှု့သည်၊
စုံမြိုင် ပင်ရိပ် ခမ်းမှာကို။ ။
(မဟာသက္ကရာဇ် ၉၇- ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့၌ တောထွက်တော်မူသည်။)

ဘုရား ဖြစ်တော်မူသည့်နေ့

တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက် ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဘော်လူတို့ ငြိမ်းပါကို။ ။
(မဟာသက္ကရာဇ် ၁၀၃- ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားဖြစ်တော်မူသည်။)

ဓမ္မစင်္ကြာ ဟောတော်မူသည့်နေ့

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊
စင်္ကြာရွှေဖွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းက၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့ လျံတက်၊ ဓမ္မစက်ကို၊
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည်၊ ရွှန်းတယ်ကို။ ။
(မဟာသက္ကရာဇ် ၁၀၃- ခု၊ ဝါဆိုလပြည့်၊ စနေနေ့၌ ဓမ္မစင်္ကြာ တရားဟောတော်မူသည်။)

ပရိနိဗ္ဗာန် စံတော်မူသည့်နေ့

တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ သတ္တဝါကို၊
ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊
ဝါ (၄၅) သက်ကား (၈၀)၊ စုံပြည့်ကြွယ်က၊
ရာ(၄၈) သက္ကရာဇ်ဝယ်၊
နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊
ကုသိနာရုံ၊ အင်ကြင်းစုံ၌၊
ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊
ချမ်းမြေ့ နိဗ္ဗူ၊ စံတော်မူသည်၊
ဝှမ်းဆူ သောင်းလုံး ကျော်တယ်ကို။ ။
(မဟာသက္ကရာဇ် ၁၄၈- ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ အိန္ဒိယနိုင်ငံ ကုသိနာရုံမြို့၌ ပရိနိဗ္ဗာန် စံတော်မူသည်။)

အလောင်းတော် တေဇောဓာတ် သင့်လောင်သောနေ့


နိဗ္ဗူစံပြီး၊ ရှူမအိသာ၊
သိင်္ဂီ ရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊
ခိုးငွေ့မနှော၊ ဓာတ်တေဇောလျင်၊
ရှင်စောဥာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊
လျံတက်ကော်ရော်၊ မီးပူဇော်သည်၊
မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။ ။
(မဟာသက္ကရာဇ် ၁၄၈- ခု၊ ကဆုန်လဆုတ် (၁၂) ရက်၊ တနင်္ဂနွေနေ့၌ အလောင်းတော်ကို တေဇောဓာတ် လောင်ကျွမ်း တော်မူသည်။)

ဆုတောင်း

ထို ခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒာနာဖြင့်၊ သဒ္ဒါ ဖြိုးဖြိုး၊ ရှိခိုးပါသည်၊ ကောင်းကျိုးခပ်သိမ်း၊ ကြွယ်စေသော်။ ။