ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
Showing posts with label မေမေ့ကဗျာ. Show all posts
Showing posts with label မေမေ့ကဗျာ. Show all posts

Friday, June 10, 2011

အလွမ်းမပြေ ပန်းဦးတောင်မြေ

နှင်းဝတ်မှုန်ကြွေ မိုးစက်တွေဖွဲ
လှနွှဲနွှဲဟန် အားမာန်မျိုးစုံ
ရောင်စုံပန်းတွေ ဖူးပွင့်သည့်
မွေးရပ်မြေ ရှမ်းရိုးမနှင့်
မွေးမိရင်ခွင် ခိုလှုံချင်လည်း
တမြေစီခြား အနေကွာ၍
အများအတွက် အသက်ဆက်ကာ
ပညာပျိုးခင်း စိုက်ပျိုးခိုက်မို့
ပျော်ရွှင်ချမ်းမြေ့ ပန်းဦးတောင်ရွာသို့
သားထွေးပြန်မရောက်တာ
ခွင့်လွှတ်ပါအမေ...။

တောတောင်သွယ်တန်း
ပန်းဦးဝန်းက 
ဥသြငှက်ပျို သီချင်းဆိုလျက် 
တောင်ညိုမြရိပ် ရွာဦးထိပ်မှ 
လွမ်းစိတ်တွေပွေ မျက်ရည်ဝေကာ
သားထွေးအလာ မျှော်ရှာတဲ့အမေ...။
                                             ဥာဏ(ပြင်ဦးလွင်)

Sunday, May 22, 2011

အို မိခင်

ဘ၀တစ်ခွင် လောကလွင်ဝယ်
အမေ့နို့တစ်စက် သားအတွက်
အားမာန်ဝင့်ဝင့် အောင်ပွဲလွှင့်ထူ
မမူစစ်ပွဲ ဆင်နွှဲခဲ့လေပြီ...။


ပန်းမျိုးကမ္ဘာ လှိုင်လှိုင်ဖြာ၍
ကမ္ဘာကြီးကိုမွေးဖွား
ငြိမ်းချမ်းခြင်းတရားနှလုံးတည်
”မေတ္တာ“အပြုံးပန်းကြောင့်
သားဘ၀လုံး နှလုံးစိတ်ဝမ်း
ထာဝရလန်းဆန်းလေပြီ...။


ငွေရောင်လဲ့လဲ့ စန္ဒာရင်ခွင်
အေးမြလွင်ပြင် ပျော်ရွှင်သည့်နှယ်
လောကသွယ်တန်း လျှောက်လှမ်းနေခိုက်
အမေ့ရင်ခွင် လွင်ပြင်တောမြိုင်
အိပ်မောလို့မဝ
ဘ၀ကြည်နူး ပျော်မြူးခဲ့ပြီ...။


အမေ့ရင်ခွင် ရေစင်သီတာ
မေတ္တာကြင်နာ ကရုဏာဒီလှိုင်း
ယုယချစ်ခင် မြတ်နိုးကြင်၍
“စေတနာ“သြ၀ါဒစကားဖြင့်
လောကရင်ခွင်ထဲ
အနေရဲအောင်
အမြဲသွန်သင်  အို   မိခင်....။
ဥာဏ(ပန်းဦးတောင်)

Monday, May 9, 2011

ခွင့်လွှတ်ပါအမေ

ဆောင်းဝတ်မှုန်ကြွေ နှင်းခက်တွေကြား
နွေးနွေးထွေးထွေး မေတ္တာစက်များ
ရက်ရက်စက်စက် မှေးစက်တဲ့မြေ
အမေ့ဂေဟာ နှစ်တွေကြာညောင်း
ပြန်ပြောင်းတမ်းတ လွမ်းတသသလေ...။


မေတ္တာရောင်လွှမ်း လရောင်အောက်မှာ
ခလုတ်ထိလို့ အမိတ
နောင်တဆိုတာ နောက်မှာဖော်လစ်
အပြစ်ကြွေးများ မေ့သက်လျာ 
ပြုခဲ့သမျှဝဋ်ကြွေး
သံသရာရေး ဘာနဲ့ပေးဆပ်
အမေခွင့်မလွှတ်တဲ့
သားရဲ့အပြစ်တွေ....။


နေ့ရက်ခြွေ နှစ်တွေတိုက်စား
အပြစ်များထပ်ထူ အပူသောက
လောကဓံအပြစ်ကြွေး
ခွင့်လွှတ်ပါအမေရယ်
သားခါခါ ကန်တော့ပန်းခြွေ....။
စိုင်းဥာဏ်လင်း(ပန်းဦးတောင်)

Monday, May 2, 2011

ဒုက္ခရဲ့ဖြေရာ အမေ

 အမေရှိတယ်
ဒုက္ခရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာ
အမေရှိတယ်...။


ဘယ်သူပဲဖြစ်ဖြစ်
အမေ့ကိုလွမ်းဖူးတယ်ဆိုရင်
ဒုက္ခနဲ့အဆိုးလောကဓံ
ရင်ဆိုင်ရတိုင်း 
မေမေ့မျက်နှာ လွမ်းရလွန်းလို့
ကြုံဖူးလို့ဖြစ်မယ်
ဒါပေမယ့်
ဒုက္ခစစ်မှအလွမ်းစစ်မှာပါ
မလွမ်းတတ်ဘူးဆိုရင်တော့
ဒုက္ခမစစ်သေးတာသေချာတယ်...။


ကျနော်အတွက်တော့
ဒုက္ခနဲ့တခါကြုံရတိုင်း
မေမေ့မျက်နှာ တခါမြင်ရလွန်းလို့
သေချာတယ်
ဒုက္ခရဲ့အနက်ရှိုင်းအပိုင်းမှာ
အမေရှိတယ်....။

Saturday, April 30, 2011

အမေ့ဒါန

အမေ
ဝေးလှတဲ့ဈေးက
ချွေးတမြမြနဲ့
အပြေးတမျှပြန်လာတယ်...။


လင်ကိုသားကို သမီးကို မြေးကို
သီးရွက်သားငါး၊ချိုချဉ်ဖန်ငန်ခါးနဲ့
စားစေတော့လို့
မနားမနေ အသော့ချက်
မီးတဖက် ရေတဖက်
လက်နှစ်ဖက်ချာချာလည်။


မေတ္တာဆီ၊ မေတ္တာများ
ဆား နနွင်း စရနယ်
ဖွယ်ရာတဲ့ဟင်း ထမင်း
အမောကို အမေမေ့
တနေ့တော့ ဒါနပန်း
လန်းခဲ့လို့သင်း...။
မောင်စွမ်းရည်

Wednesday, January 19, 2011

မိခင်လွမ်းချင်း

တစ်ရံတစ်ခါ ၊သားနှင့်ကွာက
သားမှာမျက်စိ ၊နှလုံးရှိ၍
အမိတို့ဝမ်း ၊ပန်းညိုးနွမ်းသို့
ခြောက်သွမ်းသွေ့သွေ့၊လွမ်းဓလေ့ဖြင့်
ညဥ့်နေ့မဟူ၊ ငိုတရှုလျက်
(အရှင်မဟာရဋ္ဌသာရ၊စတုဓမ္မသာရကိုးခန်းပျို့)

ရေပူရေချမ်း၊ဘယ်သူကမ်း၍
စိတ်ဝမ်းရွှင်အောင်၊သားရွှေတောင်ကို
ရွက်ဆောင်လိမ့်မည်၊အတည်တည်ကို
ကြံစည်လိုက်မိ၊အောက်မေ့ဘိသော်
နွမ်းရိခွေနုံး၊သားရွှေတုံးကို
ယူကျုံးမရ၊လွမ်းလိုက်လှခဲ့...။

ချမ်းသာစီးပွား၊ဆိုသည့်များကို
လားလားမယ့်မှာ၊အောက်မေ့ပါဘူး
သားဦးကိုသာ၊မြင်ချင်ပါရှင့်
မင်းလျာယဉ်ရွ၊သားရွှေစငယ်
မရဖြစ်စေ၊ရဖြစ်စေသာ ပြန်ခဲ့ပါတော့...။
ကျည်းကန်ရှင်မေတ္တာစာမှ...

Monday, January 17, 2011

မေမေချစ်တဲ့သား

လိမ္မာသိမြင် ပညာရှင်
သားလေးဖြစ်စေချင်...။

နေ့စဉ်မှန်မှန် ကျောင်းကိုသွား
မေမေချစ်တဲ့သား...။

လေးစားထိုက်တဲ့မြတ်ဆရာ
သားလေးရိုသေပါ...။

ဆရာပြောတာ ဂရုစိုက်
သားလေး စူးစူးစိုက်..။

ငိုက်မနေနဲ့သားလေးရာ
စာရေးစာဖတ်ကွာ...။

တွေးပါမေးပါ စိတ်ဝင်စား
သားလေးစာကြိုးစား...။

ကစားသင့်တဲ့အချိန်မှာ
သားလေးကစားပါ...။

စာသင်ချိန်မှာ စာကိုချစ်
ဒါမှ မေ့ သားချစ်....။

စာရေးသူရဲ့မမလေးရဲ့သားလေးမွေးနေ့တွင်
အမှတ်တရ....

Sunday, January 16, 2011

စွမ်းအားရှင်

သမုဒ်ပင်လယ်
ရေပြင်ကျယ်သည်
အမေ့မေတ္တာနှိုင်း
ပမာတိုင်းက-ရေစက်ပေါက်မျှတည်း...

မြင့်မိုရ်ရွှေတောင်
မိုးထိအောင်မြင့်
ထုထည်တင့်လည်း
အမေ့မေတ္တာနှိုင်း
ပမာတိုင်းက-နွားချိုမျှတည်း...

လနေနှစ်စင်း
ကြယ်ခပင်းတို့
ထွန်းလင်းထိန်လက်ကမ္ဘာထက်သို့
ပူနွေးအေးဓာတ်ဖြန့်ကျက်လတ်လည်း
အမေ့မေတ္တာနှိုင်း
ပမာတိုင်းက-ကြမ်းတမ်းလှသည်...

ထုထည်ကြီးမား
မဟာပထ၀ီမြေပြင်
ကြီးကျယ်ပါလည်း
အမေ့မေတ္တာနှိုင်း
ပမာတိုင်းက-၀ါးရွက်မျှတည်း...

ကမ္ဘာလောက
ရပ်ဌာနတွင်
စွမ်းအားရှင်ကား
အသက်ကိုပေးနို့ချိုကျွေးသည့်အမေမှတစ်ပါး...
ဒီကမ္ဘာမှာ  အခြားမရှိပါတကား...
စိုင်း

အကြားချင်ဆုံးပါ

ဆွေးမပြေ
တွေးလေတိုင်း
ဝေးတမြေမှ
သားမောင်လေး  မျက်ရည်ဝိုင်းရပါတယ်မေမေ...

အမေဆိုတဲ့စကား
သူများတွေမကြားအောင်
သားမောင်ပါးစပ်ဖျားက
ထပ်မနားခေါ်ခဲ့ပါတယ်မေမေ...

အမေ့ရဲ့နှုတ်ဖျားက
သား...လို့ခေါ်တဲ့စကားလုံးကိုအကြားချင်ဆုံးပါအမေ..
စိုင်း

မေမေ .....သို့

အဖြူရောင်နို့ရည်အနှစ်နဲ့
မေတ္တာအစစ်  အသင်္ချေကိုဖွင့်လှစ်
အပြုံးပန်းနဲ့ဖူးပွင့်ဝေဆာတဲ့အမေ...

ပုခက်လွဲသောအမေလက်
အနှီးလျော်သောအမေလက်
ဝါးဖက်တော်ခွံသောအမေလက်
ရွှေငွေပတ္တမြားစိန်မခြယ်ထားပေမယ့်
မေတ္တာ အကြင်နာ
ကရုဏာ စေတနာတွေက
တုနှိုင်းမဲ့တဲ့အရာပါ....အမေ...

သားသမီးတွေရဲ့
ပညာပန်းခင်း  ဥစ္စာပန်းခင်း
သုတပန်းခင်း ကုသိုလ်ပန်းခင်း
လှပဝေဆာဖို့ထာဝရ
ပြုစုယုယလို့
သားသမီးတွေရဲ့ဘ၀ဥယျာဉ်မှုးပါ..အမေ

အမှောင်ဖြိုခွင်း အလင်းဆောင်တဲ့
ဆီမီးအိမ်လို
ဖြူစင်သက်သက်မေတ္တာထားလျှက်
သားသမီးများအပေါ်မျှော်လင့်ချက်
မထားတဲ့...အမေ...

လောကရင်ခွင်ထဲ
အနေရဲအောင်
အမြဲသွန်သင်မြတ်မိခင်ကို
ဂုဏ်ရည်အနန္တမှန်းဆမျှော်လို့
နေ့နေ့ညညကန်တော့ပန်းခြွေလျှက်ပါအမေ...
စိုင်းလွမ်းဝေ(ချယ်ရီမြေ)