ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, March 3, 2012

ဂုဏ်ယူကြည်နူးမိရာ ပန်းဦးတောင်မှာ

ငွေနှင်းဝေစီ မှုန်ပြာရီတဲ့
ပန်းဦးတောင်ရဲ့ ရာသီဆောင်းလ
ကြည်နူးစရာ အလှရိပ်တွင်
ဖူးပွင့်မာလာ ရနံ့ဖြာ၍
ပန်းမြိင်ကမ္ဘာ အလှဝေလျက်
ချယ်ရီမြေရဲ့မြင်ကွင်း လွမ်းမောစရာ...။

စိမ်းလန်းစိုပြေ ချယ်ရီမြေမှာ
ရှေ့ဆီပုဗ္ဗာ အာကာမှီခိုင်း
တောင်ပြိုင်းပြိုင်း၌ ဆိုင်းဆိုင်းမဏ္ဍိုင်
ပန်းဦးတိုင်နယ် ဓမ္မသွယ်သွယ်
ကွန့်မြူးကြွယ်လျက် ဗုဒ္ဓအမွေ
ဓမ္မစေတီ တည်လတ်ထွန်းသည်
ဤကျွန်းဇမ္ဗူ ထွန်းတည့်လေ....။

အရှင်ဥာဏဗောဓိ(ပန်းဦးတောင်)

အချစ်အမုန်းကြားကလူ

အမုန်းနှောင်ကြိုး ရင်ဝယ်ရစ်ပတ်
သံယောဇဉ်လေးဟာ
ပူလောင်ခြင်း အမြုတေအစစ်
မာနလား ဒေါသလား...။

အချစ်နှောင်ကြိုး ရင်ဝယ်ရစ်ပတ်
သံယောဇဉ်လေးဟာ
အေးမြယှက်နွယ် ချစ်ကြိုးသွယ်လျက်
ပျော်၇ွှင်ခြင်း အမြုတေအစစ်
မေတ္တာလား  လောဘလား...။

မာန ဒေါသရဲ့သူငယ်ချင်း
မေတ္တာ လောဘရဲ့မိတ်ဆွေ
မွေးဖွားခြင်းရဲ့နိယာမတရား
အမုန်းအချစ်ကြားကလူ
ချမ်းမြေ့မှုရဲ့အသက်
ငြိမ်းချမ်းခြင်းရဲ့မိခင်
သာယာခြင်းရဲ့ဖခင်
လိုချင်တာက
မေတ္တာစစ်စစ်ပါကွယ်...။
အရှင်ဥာဏဗောဓိ

Friday, March 2, 2012

အလွမ်းတွေဝေဆာတဲ့သာသနာ့တက္ကသိုလ်

မေမေရေ...
သာသနာ့တက္ကသိုလ်ရွှေမန်းမြေမှာ
အမေ့သားလေး ဆည်းပူးပညာ
မြတ်ဥစ္စာကို ဖွေရှာစုဆောင်း
B.A(buddhism)ဘွဲ့တော်လက်မှတ်
 ဆွတ်ခူးလို၍
နှစ်အလီလီ ပညာသင်ခဲ့ပြီမေမေ...။

အလွမ်းတွေဝေတဲ့နံနက်ခင်း
နှင်းဝတ်မှုန်လွှမ်းခြုံတဲ့
သာသနာ့တက္ကသုလ်ကြေးမုံအောက်
အမြင်အာရုံပီပြင်မှုမှုန်ဝါးဝါးကြား
မိုင်းပေါင်းကုဋေခြား
ချစ်သောမေမေ့ကို
လွမ်းကာတမ်းတ သတိ၇မျက်၇ည်ဖြင့်
နှင်းပွင့်နှင့်အတူ မျက်ရည်ဝဲမိ...။

မန်းတောင်ရိပ်ခို သာသနာ့တက္ကသိုလ်
နှစ်လတွေကြာညောင်း သားဘ၀ကို
ပြန်ကာတွေးကြည့် ဗေဒါဘ၀လို
ဘ၀ပင်လယ်နစ်မျော
ခုလေတော့
နှစ်တွေကြာညောင်းပြန်ပြောင်းလို့
တွေးမိလေတိုင်းသားလေးအတွက်
အလွမ်းတွေဝေဆာတဲ့သာနာ့တက္ကသိုလ်...။
အရှင်ဥာဏဗောဓိ

Sunday, December 11, 2011

ဖိတ်ခေါ်ပါရစေ မြေမြတ်မဟာဆီ

ခါခါမျှော်
စိတ်မှာ၇ွယ်လို့ 
မြေမြတ်မဟာ ဂါယာဒေသ
မဟာဗောဓိ ဓမ္မရိပ်ဆီ
ခိုလှုံလှည့်နော်...။

ကြည်နူးစရာ မြေမြတ်ဒေသ
နှင်းမှုန်ဖွေးဖွေးကြား
ဓမ္မပန်းတွေက လှိုင်လှိုင်ဖူးဖွင့်လို့
အပြုံးဖြင့် စောင့်မျှော်....။


မြူနှင်းမှုန်ဝေရီတဲ့ဂါယာဒေသ
ဓမ္မရနံ့တွေ
လှိုင်လှိုင်ကြူးလို့
မြေမြတ်မဟာရယ် လို့ မှတ်ကာခေါ်
ဗုဒ္ဓဂယာဒေသ အလှဂုဏ်ရောင်လွှမ်း...။


မြေမြတ်ဗုဒ္ဓဂါယာဒေသ
နိုင်ငံတကာ ဘုရားဖူးတွေနဲ့
နေ့နေ့ညည စည်ကားလို့
ရောက်လာသူအားလုံးကို
ထာဝရထာဝရ အေးချမ်း....။
စ၀်ဥာဏဗောဓိ

Saturday, November 5, 2011

မျက်ရည်

ဘ၀တစ်လွှာ သံသရာခရီး
ငါငါသူသူ စိုးရိမ်ပူဆွေ
ငိုကြွေးမြည်တမ်း မျက်ရည်အစု
ပေါင်းစုံပြုခါ မဟာလေးစင်း
ရေပြင်သမုဒ်ထက် များပြားလှပါပြီ...။


သူ့ချစ် ငါ့ချစ် အချစ်နှီးနှော
သံယောဇဉ် ရောင်စုံချစ်ခြင်း
သားချစ် မယားချစ် အချစ်ဖြစ်နှယ်
ချစ်သူသဘော မနောငင်အား
မနားမနေ ချစ်သွေးဝေလျက်
သခါင်္ရ ပြုသမျှကြောင့်
မျက်ရည်ပူစမ်း ချစ်သူပါးဝယ်
မျက်ရည်စခန်း ၇ုပ်သိမ်းနိုင်ပါလေစ..။
စ၀်ဥာဏဗောဓိ

Monday, June 6, 2011

အရှုံးမပေးပါနဲ့ကလေးရယ်

နှင်းဝတ်မှုန်ကြွေ လေဗွေနွယ်ရိုင်း
မုန်တိုင်းလှိုင်းသံ တညံညံနဲ့
ဘ၀ခါးခါး ဒုက္ခကြားမှာ
လောကဓံတိုက်ပွဲ ဆင်နွှဲနေစဉ်
ဇွဲနဲ့မေတ္တာ အကြင်နာအား
နှလုံးသားရင်ပြင် မွေးထားပါကွယ်...။

မျက်ရည်ပူစမ်း အားငယ်နွမ်းနွမ်း
ဘ၀လမ်းပေါ် လျှောက်လှမ်းမချီ
လောကဓံတရား မျက်စိစုံမှိတ်
လောကအလယ် အလှကြွယ်လျက်
နှစ်သက်ကြည်ဖြူ အောင်သူအဖြစ်
ဘ၀စစ်ပွဲ အရှုံးမပေးပါနဲ့ကလေးရယ်....။
                                        ဥာဏ(ပြင်ဦးလွင်)

Saturday, April 23, 2011

မျက်ရည်ကျတဲ့နေ့

ကဗျာဖွဲ့လည်း မပီ
စာချဲ့လည်း မမီတဲ့အရာ
အမေ့မေတ္တာပါ....။
တဲစုပ်မှာပဲအိပ်
ဖဲထုပ်လိုမှောက်လိုက်လှန်လိုက်
လောကဓံက
ဘယ်လောက်ပဲပုတ်ပုတ်
မတုန်လှုပ်တာ
အမေပါ...။
အသိရှားရင် ရှားပါစေ
အမေ့သားရှိရင်
ပီတိစားပြီး
အားရှိနေပါတယ်လို့
အမေပြောခဲ့တုန်းက
သား..
မျက်ရည်ကျခဲ့ဖူးပါတယ်....။
မောင်ကိုရင်

Saturday, April 9, 2011

ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကိုလင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့
သူလဲလေလောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်...။

တစ်သိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာပင့်လေအဖျူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာဘယ်ညာလူးလေတော့
သူတို့လိုဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်...။

တ၀ါဝါသင်္ကန်းရယ်က
ကမ္ဘာမှာဘ၀င်ချမ်းစေတဲ့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့သတိဆွယ်
ရည်ရွယ်တော့သလား...။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာအ၀ါခြယ်၍
မာလာအလယ်မှာ နွဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကိုဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာတဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ....။
ဇော်ဂျီ







Monday, March 14, 2011

ကြွေးကြော်သံ

လက်ကိုမမြှောက်၊ဒူးမထောက်ဘဲ
ကြောက်စိတ်မမွေး၊ရဲသွေးအပြည့်
အားမာန်ဖြည့်၍၊ရှိသည့်ခွန်အား
စွမ်းပကားဖြင့်၊ဘုရားမြတ်စွာ
သာသနာကို၊ရှည်ကြာအဓွန့်
တည်တန့်ဘို့အရေး၊ကြံဆောင်တွေးရင်း
လုပ်ဆောင်ရင်းပင်၊သေမင်းခေါ်လျှက်
အသက်ခန္ဓာ၊ပျက်ခဲ့ပါက
အောက်ရွာအ၀ီစိ၊ကျရောက်ဘိလည်း
ပီတိနှလုံး၊ရွှင်ကြည်ပြုံးလျှက်
ဟုန်းဟုန်းလောင်ငြီး၊ငရဲမီး၏
မီးမီးအလျှံ၊ပူသည်ဒဏ်ကို
အာခံတုရင်း၊ငရဲမင်းအား
ထွန်းလင်းသာသနာ၊ပြုမည့်တာကြောင့်
ရောက်ရာဘ၀၊ဘုံဌာနတွင်
ရွှင်ပြပြုံးပျော်၊ခေါင်းကိုမော်၍
သေသော်မှတည့်၊သြော်-ကောင်း၏ဟု
မြတ်သည့်သေခြင်း၊ဓိဌာန်ရင်းတည့်
မယွင်းမှန်ဘိ၊မှန်းသည့်ပန်တိုင်း
လှမ်းကိုင်ရသူ၊တံခွန်ထူသည့်
ငါမူတကား၊ဇမ္ဗူတလွှား
ဗုဒ္ဓသား ဟု၊၀ံကြွားဂုဏ်တန်
ဘ၀ဂ်ညံအောင်၊အောင်သံကျူးရင့်
အောင်လံလွှင့်မည်...
ငါ့သည်ဗုဒ္ဓသာသနာအတွက်။
အရှင်ဂမ္ဘီရဗုဒ္ဓိ

sound and alarm

Considering insufficiency,
As adequacy;
Try to be adjust,
The time is less to waver;
Marching your deeds;
Challenge the world,
With your deeds;
Enjoying in the battle;
Face the presence,
While competing the future;
Proceed with smile,
Even if you fail, then,
Strain ears again,
for the sound of challenge.
Velu



Wednesday, March 9, 2011

သိမှတ်ဖွယ်ရာနိုးဆော်လွှာ

လုမ္ဗိနီသာမော၊အင်ကြင်းတောကား
ရှင်စောမြတ်စွာ၊ဖွားမြင်ရာတည့်။

ဗုဒ္ဓဂယာ၊မြေမဟာကား
များစွာဗုဒ္ဓ၊ပွင့်ဌာနတည့်။

မိဂဒါဝုန်၊တောရဂုံကား
သုံးဘုံလူဘ၊ဓမ္မစကြာ၊ဟောခဲ့ရာတည့်။

ကုသိနာရုံ၊တောရိပ်မြုံကား
ခိုလှုံနိဗ္ဗာန်၊၀င်စံခဲ့ရာ၊ရပ်ဒေသတည့်။

ဖွား ပွင့် ဟော စံ  ၊လေးတန်ဒေသ
ဖူးမြော်ကြ၍၊ရကသံဝေ
ခန္ဓာကြွေက၊လူ့ပြည်နတ်ရွာ
လားမည်သာဟု၊မြတ်စွာဗုဒ္ဓ
ဟောဖော်ပြသည်၊
သွားကြဖူးကြ၊လေးဌာန။
ပွားကြယူကြသံဝေက။
အနိစ္စ ဒုက္ခ အနတ္တ...။

Tuesday, March 8, 2011

မေတ္တာစွမ်းရည်

မေတ္တာအပြုံးပန်းတစ်ပွင့်
အချစ်ဗလာအမုန်းဆင့်နေတဲ့သူကိုတောင်
စစ်မှန်စွာခွင့်လွှတ်ပေးနိုင်ပါတယ်...။

ဒါကြောင့်
ကမ္ဘာမှာ
အချစ်နှင့်အမုန်း
နပန်းလုံးနေကြတဲ့
လူသားတိုင်းမေတ္တာအပြုံးပန်းတွေ
ဝေနေမည်ဆိုလျှင်
အမုန်းသံသရာတစ်စခန်းရပ်ပြီး
ငြိမ်းချမ်းရေးရောင်ခြည်
လင်းလက်လာနိုင်ပါလိမ့်မည်....။

Monday, March 7, 2011

အမေ့အရိပ်

အမေ့သွေးတစ်စက်နဲ့
လူဖြစ်ခဲ့တဲ့ငါ
လောကဓံကိုမမူခဲ့ဘူး
အပြုံးနဲ့ပဲဘ၀ကိုစခဲ့တယ်
မြေကြီးကိုခြေချခဲ့တယ်...။

အမေ့ချွေးတစ်စက်နဲ့
ကြီးပြင်းခဲ့တဲ့ငါ
ဘာအပူအပင်မှမရှိခဲ့ဘူး
အမေ့ရင်ခွင်မှာနားခိုရင်း
အမေ့ကိုယ်သင်းနံ့ကိုရှုရှိုက်လို့
ဆက်လက်ရှင်သန်ခဲ့တယ်....။

အမေနဲ့ဝေး
ငါ့သွေးငါ့ချွေးတွေနဲ့
ငါ့ဘ၀ကိုငါရေးတဲ့အခါ
အမေ့သွေးအမေ့ချွေးတွေ
ငါ့အတွက်လိုအပ်နေသေးတယ်ဆိုတာ
ခုမှပိုသိလာခဲ့တယ်....။

Thursday, March 3, 2011

မိုက်နောင်တ

ပညာရှာစဉ်
သူ့မှာမတတ်၊မာနဓာတ်ဖြင့်
မြတ်ဆရာဆီ၊မခိုမှီပဲ
သူသည်မာနထားခဲ့၏...။

ပညာရှာစဉ်
သူ့မှာမသိ၊မာနရှိ၍
တတ်သိသမျှ၊ပညာမျှဖြင့်
မာန်ကြွခေါင်းထောင်မိခဲ့၏...။

ပညာရှာစဉ်
ဆရာသင်ပြ၊အဆုံးမကို
ဟာသရောစွက်၊မာနဖက်လျှက်
တစ်ချက်ဟိတ်ထုတ်၊မာန်စလုပ်ဖြင့်
ခွန်းတုန့်ချွေချ၊မာန်စောင်ကြွခဲ့...။

ပညာရှာစဉ်
ဆရာသင်ကြား၊ပညာများကို
မှတ်သားသေချာ၊မလေ့လာပဲ
သူ့မှာသိမာန်၊တတ်သောဟန်ဖြင့်
ဟိတ်မာန်စောင်ကြွ၊ဂုဏ်ပုဒ်ပြလည်း
ပညာတစ်ခြား၊တတ်သိမှား၍
နှောင်းသွားနောက်ကျ မိုက်နောင်တ...။
ခရီးသည်(ရိုးပြတ်တော)



Wednesday, March 2, 2011

ဆရာ့လိပ်ပြာ


လရောင်လွင့်စင်
ကောင်းကင်ယံထက်၊ ငွေကြယ်စက်တို့ 
ရွှန်းလက်လှဆင်၊ ညရင်ခွင်မှာ
ခိုဝင်မှေးမှိတ်၊ မျက်ဝန်းပိတ်လည်း
ဆရာ့လိပ်ပြာခိုဆဲလေ...။


ညမှာတိတ်ဆိတ်
လရိပ်ခိုလျက်၊တမ်းတချက်ကြောင့်
အိပ်ပျက်လွန်ည၊လူနွမ်းကျခဲ့
ဘဝဇာတ်ခုံ၊လူ့ ရိပ်မြုံမှာ
ခိုလှုံကာလ၊တဒင်္ဂ၌
ခရီးတစ်ကွေ့၊ဆုံကာတွေ့၍
ပျော်မွေ့ရွှင်ပြ၊ကြည်နူးရလည်း
ခွဲရချိန်ကျ၊တခဏမှာ
ညှိုးကျလွှမ်းပက်၊မျက်ဝန်းနက်နှင့်
အိပ်ပျက်ညစဉ်ပါပဲလေ...။

ဆရာ့ဂုဏ်ရည်
ယုံကြည်ကိုးစား၊သူ့စကားနှင့်
နှုတ်ဖျားချိုမြ၊အဆုံးမကြောင်း
ဆေးစရောင်စုံ၊ဆရာပုံကို
အာရုံမှာထင်၊စွဲကာမြင်သည်
ရင်မှာတိုးတိတ်၊ရမ်းရော်စိတ်နှင့်
ဆရာ့လိပ်ပြာ ခိုဆဲလေ...။

မေ့မရ၍
နေ့ရက်ရှည်ကြာ၊ဝေးခဲ့ပါလည်း
ရောက်ရာဌာန၊ကိုယ့်ဒေသမှ
စိတ်ကတွေးကာ၊လက်ဆယ်ဖြာဖြင့်
မှန်းကာဦးချ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။

မေ့မရ၍
နေ့ညများစွာ၊အိပ်မက်ရာ၌
ဝင်လာခိုးနား၊ပျံထွက်သွားလည်း
လွင့်ပါးပျောက်ကွယ်၊မေ့မလွယ်၍
ရင်ဝက်မှေးမှိတ်၊ဆရာ့အရိပ်သည်
စိတ်ကိုငြိမ်းချမ်းစေပါ၏...။
ခရီးသည်(ရိုးပြတ်တော)

Monday, February 28, 2011

ဆရာသို့

ကလေးအရွယ်
လူမမယ်ခင်၊ဆရာ့ရင်မှာ
ခိုဝင်လျောင်းစက်၊မေတ္တာလက်ဖြင့်
နှစ်သက်ကြည်သာ၊ပညာရှာခဲ့
ဆရာမနော၊ပန်းစုံတောသည်
သာမောငြိမ်းချမ်းလှပါ၏။


သူ့စိတ်စမ်းမှ
ပေးကမ်းယုယ၊မျိုးစေ့ချ၍
ဆုံးမပြုပြင်၊ဖူးပွင့်လွင်လျှက်
စည်ပင်ကြီးထွား၊မြေတလွှားတွင်
ငွားစွင့်တင်စွ၊ရနံ့ရကာ
ဘ၀တန်ဖိုးတိုးခဲ့၏။

မြတ်ဆရာသည်
လူ့ရွာနယ်ပယ်၊လောကလယ်တွင်
တင့်တယ်တောက်ကြွား၊ရောင်လျှံပွားအောင်
မနားမနေ၊မေတ္တာစေ၍
စေတနာလက်၊ခံယူချက်ဖြင့်
ထမ်းရွက်ပြုစုခဲ့ပါ၏...။


ထို့ကြောင့်သာပင်ဆရာရှင်သည်
တိမ်စင်ကင်းပ၊ပြည့်ရွှန်းလနှယ်
ညွတ်ခကိုးကွယ်၊ဆည်းကပ်ဖွယ်မို့
ရင်ဝယ်ကြည်နူး၊မြတ်ကျေးဇူးကို
ရည်စူးကန်တော့လိုက်ပါ၏...။
ခရီးသည်(ရိုးပြတ်တော)

ဆရာသိစေချင်ပါသည်

ကျွန်တော့်ဘ၀မှာ
အရာအားလုံးထက်
အဖိုးထိုက်ဆုံးရတနာ
ရင်ထဲမှာရှိနေ
အဲဒါ
ကျွန်တော့ဆရာလေ။
ဆရာကိုမမြင်ရရင်
ရင်ထဲမှာနွမ်းလျသလိုပဲ...။

ဆရာ့တန်းခိုးကြောင့်နိုးဆွ
နိုးကြွခဲ့တဲ့ကျွန်တော်
ဆရာ့တန်ခိုးကြောင့်နိုးကြား
တိုးပွားခဲ့တဲ့ကျွန်တော်
အဝေးရောက်တပည့်များ
ဆရာပေးတဲ့အသိတရားကြောင့်
ဘယ်အချိန်မှအလကားမဖြစ်ခဲ့...။


ဆရာလေ
ခါးကိုင်းနားအူ ဆံဖြူသွားကြွေ
ပါးရေတွန့်ကျ ရှုံ့တွတဲ့အသားအရေ
မှုန်ဝေတဲ့မျက်ဝန်းတွေနဲ့
တပည့်ရွှေစင်အပြန်လမ်း
မှန်းဆမျှော်ကြည့်တတ်တဲ့ဆရာ...။


ဆရာလေ ဒီဆရာပေါ့
ပုတီးကိုလက်မှာဆုပ်
စာပေနဲ့တကုပ်ကုပ်
မိုးချုပ်နေ၀င်
ပညာသင်ကိစ္စနဲ့
တပည့်များအတွက်ရည်မှန်း
အပင်ပန်းခံတတ်တဲ့ဆရာ
အရဟံအစဘဂ၀ါအဆုံး
တစ်ကမ္ဘာလုံးကိုသိမ်းကြုံပြီး
အားလုံးမေတ္တာပို့တတ်တဲ့ဆရာ...။

ကျွန်တော်လေ
ဆရာတန်ခိုးကြောင့်နိုးဆွ
နိုးကြွခဲ့တဲ့တပည့်တစ်ယောက်
အိန္ဒိယဆိုတာတစ်ခေါက်ရောက်လို့
တပည့်တစ်ချို့က
ကမ္ဘာမှာ
မြန်မာဆိုတာပြဘို့....

အိန္ဒိယဆိုင်ရာပညာသင်မြန်မာကျောင်းသားရဟန်းများအဖွဲ့
ဆိုတဲ့
ကျောင်းတစ်ဆောင်လဲတည်နိုင်ခဲ့ပြီ
တပည့်တစ်ချို့က
မြန်မာဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ဆိုတဲ့
ပညာရေးအမှောင်မိုက်ကို
အလင်းရောင်ဖွင့်လိုက်ကြပြီ
တပည့်တစ်ချို့က
မဂဓ၊ဘုံဘေ၊နာလန္ဒာ၊ဗာရာဏသီ
တက္ကသိုလ်အသီးသီးပညာသင်
အိန္ဒိယတစ်ခွင်ခရီးနှင်ရင်း
တစ်ချို့က
အင်္ဂလိပ် သက္ကဋဟိန္ဒီ
ဘာသန္တရအလီလီတတ်လို့
လူသားတစ်ချို့
ငတ်မွတ်နေတဲ့ငြိမ်းချမ်းမှုအလှ
ဗုဒ္ဓရဲ့
ဓမ္မရသစိတ်စောင်းကြိုးကို
လှုပ်နိုးတီးခတ်နေကြပြီ...။

ဆရာရယ်
တပည့်တို့ရဲ့ပစ္စုပ္ပန်တခဏ
ဘ၀သံသရာအမောလုံးထဲမှာ
ပြုံးကြမဲ့ကြ ပျော်ကြရွှင်ကြ
ငိုကြရယ်ကြ စိတ်ဓာတ်ကျနေတဲ့အချိန်
ဆရာ့ကိုတမ်းတပြီး
အားမာန်ကြွလှုပ်ရှား
ဆရာကြားသိနိုင်ပါစေ...။

အခုဆိုရင်
ဆရာရှင်ရဲ့ ကြီးမြတ်တဲ့ဂုဏ်ကျေးဇူး
တွေးမိတိုင်းကြည်နူးလို့
ရည်စူးကော်ရော်
စိတ်ထဲမှာညွန်းပူဇော်ရင်း
ကျွန်တော်
ဦးချကန်တော့လိုက်တယ်ဆရာ...။
ဇင်မောင်





ရင်ထဲကမြတ်ဆရာ

မေ့မရ၍
နေ့စဉ်တမ်းတ၊သတိရလျက်
စိတ်ကမှန်းဆ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။


မေ့မရ၍
မြင်တွေ့ခဲ့ရ၊စိတ်အလှကြောင့်
ဂယက်လှိုင်းဖြာ၊စိတ်ချမ်းသာလျက်
ရင်မှာတမ်းတ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။

မေ့မရ၍
ဆုံတွေ့ခဲ့ရ၊ငယ်ဘ၀၌
ဆရာ့ရင်ခွင်၊ခိုရောက်စဉ်ဝယ်
ပျော်ရွှင်နှစ်ခြိုက်၊စိတ်ပျော်ပိုက်လည်း
ကွေ့ဝိုက်ထွက်ခွါ၊ကျောခိုင်းရာ၌
ငါ့မှာစိတ်မှန်း၊လွမ်းရိပ်ပြွန်းလျက်
ရော်ရမ်းတသ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။
ခရီးသည်(ရိုးပြတ်တော)

အသိတရားစေစားရာ

ဆရာ့ထံမှ
ဆုံးမတေးသံ၊လေမှာပျံလည်း
သံစဉ်ခွဲခြား၊ဖြူစင်စိတ်ထားဖြင့်
မှတ်သားစွဲအောင်၊နားမထောင်မိ...။

ဓမ္မကမ်းပါး
သင်ကြားကဟန်၊ဂီတသံလည်း
လွင့်ပျံခိုက်မှာ၊ကျောခိုင်းလာခဲ့
ရာသီများစွာ၊ဟောင်းခဲ့ပြီ...။


ဆရာပေးကမ်း
စာပေလမ်းမှ၊မြတ်ဓမ္မလည်း
နိုးကြွမာန်များ၊ငယ်စိတ်ထားကြောင့်
လှုပ်ရှားထွက်လာ၊ကျောခိုင်းခွါရင်း
စွန့်ကာပစ်ထားမိခဲ့၏...။

အို့ဘယ့်ဆရာ
စာပေသင်တန်း၊ဤကျောင်းခန်းတွင်
လန်းဆန်းလွင့်ပျံ၊ဆရာ့ဟန်ကို
မြင်ပြန်ကာလ၊တဒင်္ဂ၌
စိတ်ဝယ်ချမ်းမြေ့၊ကြည်နူးရလို့
ဦးချပူဇော်၊သာဓုခေါ်ရင်း
ကျွန်တော့်ကန်တော့လိုက်ပါ၏...။
ခရီးသည်(ရိုးပြတ်တော)

Sunday, February 27, 2011

ဆရာသို့ပူဇော်ခြင်း

ငယ်ရွယ်စဉ်က
စိတ်တွင်ပျင်းဖက်၊စာမကျက်၍
ရိုက်နှက်အော်ငေါက်၊ဆရာဟောက်သော်
စိတ်ကောက်တေးမှတ်၊နာကျည်းတတ်ခဲ့
သက်သက်ပစ်ဆို၊မုန်းဟန်ပို၍
ထင်ရာကိုသာတွေးမိသည်...။

ရာသီပြောင်းကာ
ဆရာဘ၀၊ရောက်ခဲ့ရမှ
တပည့်နုထွေး၊အိုကလေးတို့
စာမေးမရ၊အော်ငေါက်ရလည်း
ရိုက်ချက်ကြိမ်သံ၊ကျောင်းလုံးညံသော်
နည်းခံတပည့်၊ရင်အသိမှာ
ဘယ်ထိနာကျည်းလေမည်နည်း...။


ဥာဏ်သီးမှည့်ကာ
ဆရာဘ၀၊သူ့အလှကို
တွေ့ရကြုံရ၊လူ့လောက၀ယ်
ဝါသနာပါ၊စေတနာနှင့်
နစ်နာဆိုရိုး၊နာသုံးမျိုးကို
ဝင်တိုးဆုံမှ၊ငါ့သိရ၍
ဆရာ့ကျေးဇူး၊ဂုဏ်အထူးကို
ရည်စူးဦးချမိပြီတည်း...။
ခရီးသည်(ရိုးပြတ်တော)