ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Wednesday, December 21, 2011

ခင်ပွန်းကြီးဆယ်ပါးကန်တော့ရတဲ့အကျိုးများ

၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊
၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊
၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝကရဟန္တာ

အရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊
၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊
၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊
၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊
၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြ
ကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊
၉။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏
အပေါ်၌လည်းကောင်း ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။


ဗုဒ္ဓေါ ပစ္စေက ဗုဒ္ဓါစ
အရဟာ အဂ္ဂ သာဝကာ
မာတာပိတု ဂုရုသတ္တာ
ဓမ္မဒေသကာ စ ဒါယကာ

ဣမေ ဒသ မဟာဂုဏေ
အဟံ ၀န္ဒာမိ သဗ္ဗဒါ။


ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ရတဲ့ အကျိုးများ
(၁) ကိုယ့်အရပ်ဒေသက အရပ်တစ်ပါးကို သွားတဲ့အခါ အစားအစာ မရှားပါးဘူး။
(၂) ရောက်ရာအရပ်မှာ အပူဇော်ခံရတယ်။
(၃) ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
(၄) မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
(၅) လူပုံအလည်မှာ ရဲရင့်စေတယ်။
(၆) ကိုယ့်ရဲ့ ဂုဏ်သတင်း ပြန့်လွင့်စေတယ်။
(၇) အခြံ အရံ အမြဲမပြတ်ရှိတယ်။
(၈) ဆင် ၊ မြင်း ၊ ကျွဲ ၊ နွား ၊ သီးနှံပေါများကာ … စိးပွားတိုးတက်မည်။
(၉) မတော်တဆ ဘေးအန္တရယ်ကျရောက်ခဲ့ရင် … ဆိုးဝါးစွာ မခံစားရဘူး။
(၁၀) သား သမီး ၊ အခြွေအရံများနဲ့ တင့်တင့်တယ်တယ်နေရခြင်းဆိုတဲ့
အကျိုး (၁၀)ပါးနဲ့ ပြည့်စုံနိုင်ပါတယ် ။

ခင်ပွန်ကြီးဆယ်ပါးနှင့် ပြစ်မှာမိသူ ရနိုင်တဲ့အကျိုးများ

၁။သမ္မာ သဗ္ဗုဒ္ဓဘုရား
၂။ပစ္စေက ဗုဒ္ဓါ
၃။ရဟန္တာ
၎။အဂ္ဂသာဝက
၅။မိခင်
၆။ဖခင်
၇။အလေးဂရုပြုထိုက်သူ
၈။တရားဟောဆရာ
၉။အတတ်ပညသင်ပေးသူ
၁၀။ ကျွေးဖူး ပေးဖူးသူ
 
ဤသူများ ကို ကာယကံ ၊၀စီကံ မနောကံ၊ တို့ ဖြင့်ပြစ်မှားစော်ကားမိပါက ရရျိနိုင်မယ့် ဒဏ်ကြီးဆယ်ပါးကတော့
၁။ ဝေဒနာကြီးမား
၂။လျော့ပါးစည်းစိမ်
၃။နေအိမ်မီးလောင်
၎။အင်္ဂါကျိုးပြတ်
၅။နူနာဝဲစွဲ
၆။စိတ်ဖောက်ရူးသွပ်
၇။ မမှန်စွပ်စွဲ
၈။မင်းပြစ်ဒဏ်သင့်
၉။ပြိုကွဲမျိုးဆွေ
၁၀။ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှောက်
ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်လေသော်
ငရဲ့ ကြီးစွာ လားဖို့ ရာတည်း ။

Tuesday, December 20, 2011

နိဗ္ဗာန်ရောက်ကြောင်း ဥာဏ်စဉ် ၁၆ ပါး

၁။ နာမရူပ ပရိစ္ဆေဒဥာဏ် – ရုပ်နာမ် ၂ ပါးကို ပိုင်းခြား၍ သိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် – ရုပ်နာမ် ၂ ပါးဖြစ်ကြောင်းကို သိသောဥာဏ်။
၃။ သမ္မာသနဥာဏ် – ရုပ်နာမ် ၂ ပါးကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု သုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗယဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဥာဏ်။
၅။ ဘင်္ဂဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်းကို ထင်သောဥာဏ်။
၆။ ဘယဥာဏ် – ရုပ်နာမ် ၂ ပါးပျက်ခြင်းကို ဘေးဟု ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဥာဏ်။
၇။ အာဒိန၀ဥာဏ် – ထိုဘေးကို ဆင်းရဲခြင်းဟု ရှုသည့်အစွမ်းဖြစ်သောဥာဏ်။
၈။ နိဗ္ဗိဒါဥာဏ် – ရုပ်နာမ်ခန္ဓာ ၊ သင်္ခါရ ဖြစ်ပုံပျက်ပုံကို ငြီးငွေ့ဖွယ်ဟု မြင်သောဥာဏ်။
၉။ မုစ္စိတုကမျတာဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ရာနိဗ္ဗာန်သို့ ညွှတ်သောဥာဏ်။
၁၀။ ပဋိသင်္ခါဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ အတင်းလွတ်မြောက်လိုသောဥာဏ်။
၁၁။ သင်္ခါရူပေက္ခာဥာဏ် – ရုပ်နာမ်သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဥာဏ်။
၁၂။ အနုလောမဥာဏ် – ၀ိပသနာဥာဏ် ရင့်သန်သဖြင့် မဂ်၎ခု ပေါ်အောင် နှိုးဆော်ပမာတူသော ဥာဏ်။
၁၃။ ဂေါတြတူဥာဏ် – ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဥာဏ်။
၁၄။ မဂ်ဥာဏ် – နိဗ္ဗာန်ကို သိမြင်သောဥာဏ်။
၁၅။ ဖလဥာဏ် – နိဗ္ဗာန်ကိုသိသော ဖိုလ်ဥာဏ်။
၁၆။ ပစ္စဝေက္ခဏာဥာဏ် – မဂ်ဖိုလ် နိဗ္ဗာန် ပယ်ပြီး မပယ်ပြီးသော တရားကို ဆင်ခြင်သောဥာဏ်။

အဘိဓမ္မာ နှင့် ၀ိပဿနာ

  အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်သည်။ ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲဆန်းကျယ်သော၊ သတ္တအတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။  လူတို့ဌာနေမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက် နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှသည်၊ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမည့် ထိုအဘိဓမ္မာ တရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နာကြားခဲ့ကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ သာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ် ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။  အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏ တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာအထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝတိံသာသို့ တက်ကြွသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထိုနောင် တနေ့မှာပင် အဘိဓမ္မာကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ-တရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန် ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း ဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာနည်းစနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မာ ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ဝိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။  ၀ိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထတို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက်ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း၊ သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။  ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာ နှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှုရမည်ဟု ဆိုလိုသည် မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာသင်ကြားနေခြင်း တမျိုးလည်း ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။  အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့်ဝိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ တဏှာ ကံသာအကြောင်းရင်းရှိကြောင်း၊ ကံ စိတ် ဥတု အာဟာရ-သာ အထောက်အပံ့ရှိကြောင်း၊ ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယ ပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့ကို ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီတို့ လူ့ဘ၀ကိုလေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။
သီတဂူဆရာတော်

Monday, December 12, 2011

ဗုဒ္ဓ၀င် အကျဉ်းချုပ်




ဗုဒ္ဓဖြစ်တော်စဉ်အကျဉ်း
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကပိလ၀တ်ပြည့် ဘုရင် သုဒ္ဓေါဒန
မဟာရာဇာ၏ သီရိမဟာမာယာဒေ၀ီမှ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့တွင်လုမ္ဗိနီမည်သော အင်ကြင်းတော၌ ဖွားမြင်တော်မူသည်။
အလောင်းတော်သည် အသက် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာဒေ၀ီနှင့်အတူ နန်းမ ၃ဆောင်၌ မင်းစည်းစိမ်ကို ၂၉ နှစ်အရွယ်အထိ ခံစားခဲ့သည်။ ထို့နောက်
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ထွက်ကာ
တရားဓမ္မကျင့်သုံးခဲ့သည်။ ဒုက္ကရစရိယာဟုဆိုသော အကျင့်မျိုးကို
ပင်ပန်းကြီးစွာ ကျင့်သုံးခဲ့၏။ တရားမှန်ကို မရသဖြင့်
မဇ္ဈိမပဋိပဒါကျင့်ထုံးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ရာ မဟာသက္ကရာဇ် ၁၀၃-ခု၊
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါ
လူနတ်ဗြဟ္မာတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ ၄၅ နှစ်
ကာလပတ်လုံး ဓမ္မဒေသနာတို့ကို ဟောကြားခဲ့သည်။ သက်တော် (၈၀) ၀ါတော် (၄၅) ၀ါပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၌ ကုသိနာရုံပြည်မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

အလွယ်မှတ်ရန် ဗုဒ္ဓ၀င်အကျဉ်း
၁။ လူအမည် – သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ – ဂေါတမ
၃။ မိဘအမည် – သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော် – ယသော်ဓရာ (ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော် – ရာဟုလာ
၆။ ယောက်ဖတော် – ဒေ၀ဒတ်
၇။ မိထွေးတော် – မဟာပဇာပတိ ဂေါတမီ
၈။ နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန – လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား)
၁၀။ နန်းစံနှစ် – ၁၃ နှစ် (သက်တော် ၁၆ နှစ်မှ ၂၉ နှစ်အထိ)
၁၁။ နိမိတ်ကြီးများ – သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀ – သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ –   ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား – ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဘက် –     သုမိတ္တာအမျိုးသမီး (ယသော်ဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ – လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက် – သတ္တ၀ါများ အကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောနှစ် – ၆ နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခု အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ – ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် – ၃၅ နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာလူ့သက်တမ်း – နှစ် ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး – ပဉ္စ၀ဂ္ဂီငါးဦး (ဒုက္ကရစရိယာကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ – ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံးသာဝက – ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ )
၂၅။ နောက်ဆုံးသာဝက – သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံအဂ္ဂသာဝက – အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံအဂ္ဂသာဝက – အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ – ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ – သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် – မဇ္ဈိမပဋိပဒါ (မဂ္ဂင်လမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ – မဟာသက္ကရာဇ် ၆၇-ခု၊ ကြာသာပတေးနေ့
၃၂။ ဖွားမြင်သောနေ့ – မဟာသက္ကရာဇ် ၆၈-ခု၊ (ဘီစီ-၆၂၃) ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ – မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ – မဟာသက္ကရာဇ် ၁၀၃-ခု၊(ဘီစီ-၅၈၉) ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ – မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံသောနေ့ – မဟာသက္ကရာဇ် ၁၄၈-ခု၊ (ဘီစီ-၅၄၄) ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓါတ်လောင်သောနေ့ (မီးသဂြိုဟ်သောနေ့) – မဟာသက္ကရာဇ် ၁၄၈၊
ကဆုန်လဆုတ် (၁၂)ရက်၊ တနင်္ဂနွေနေ့။

သက္ကရာဇ်ရှင်းလင်းချက်
မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္စနမင်း တည်ထားသော
သက္ကရာဇ်ကို ခေါ်သည်။
သာသနာတော်နှစ်ဆိုသည်မှာ ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်
ပထမသင်္ဂါယနာတင်သည့်နှစ်မှစ၍ ရေတွက်သောနှစ်ဖြစ်သည်။
မြန်မာသက္ကရာဇ်ဆိုသည်မှာ ပုပ္ပားစောရဟန်းမင်းလက်ထက် တည်ထားသော သက္ကရာဇ်ဖြစ်သည်။
ခရစ်နှစ် (ဘီ၊စီ) ဆိုသည်မှာ ခရစ်မပေါ်မီနှစ်ကို ခေါ်သည်။
ခရစ်နှစ် (အေ၊ဒီ) ဆိုသည်မှာ ခရစ်တော်ပေါ်ပြီးနှစ်မှစ၍ ရေတွက်သည်။
သာသနာသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ထက် ၁၁၈၂ နှစ် ကြီးသည်။ ခရစ်သက္ကရာဇ်ထက်
၅၄၄ နှစ် ကြီးသည်။
ခရစ်သက္ကရာဇ် (အေ၊ဒီ)သည် မြန်မာသက္ကရာဇ်ထက် ၆၃၈ နှစ် ကြီးသည်။ ထို့ကြောင့်
ဘုရားရှင်ပရိနိဗ္ဗာန်ပြုသောနှစ်
ကို ခရစ်မပေါ်မီ ဘီစီ ၅၄၄ ဟု
သာသနာ့သမိုင်းများက အတည်ပြုထားသည်။
ဒါတွေက တကယ်ရှိတာတွေပေါ့နော်။ တကယ်ဖြစ်ပျက်ခဲ့တာတွေ။ မှတ်တမ်းတွေလည်း အတိအကျရှိပါ့။ စိတ်ကူးယဉ်ကြံဆထားခြင်းမဟုတ်ကြောင်း အများနားလည်ကြပါတယ်။ ဒါက ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်မြတ်ပဲပေါ့။

Sunday, December 11, 2011

ဖိတ်ခေါ်ပါရစေ မြေမြတ်မဟာဆီ

ခါခါမျှော်
စိတ်မှာ၇ွယ်လို့ 
မြေမြတ်မဟာ ဂါယာဒေသ
မဟာဗောဓိ ဓမ္မရိပ်ဆီ
ခိုလှုံလှည့်နော်...။

ကြည်နူးစရာ မြေမြတ်ဒေသ
နှင်းမှုန်ဖွေးဖွေးကြား
ဓမ္မပန်းတွေက လှိုင်လှိုင်ဖူးဖွင့်လို့
အပြုံးဖြင့် စောင့်မျှော်....။


မြူနှင်းမှုန်ဝေရီတဲ့ဂါယာဒေသ
ဓမ္မရနံ့တွေ
လှိုင်လှိုင်ကြူးလို့
မြေမြတ်မဟာရယ် လို့ မှတ်ကာခေါ်
ဗုဒ္ဓဂယာဒေသ အလှဂုဏ်ရောင်လွှမ်း...။


မြေမြတ်ဗုဒ္ဓဂါယာဒေသ
နိုင်ငံတကာ ဘုရားဖူးတွေနဲ့
နေ့နေ့ညည စည်ကားလို့
ရောက်လာသူအားလုံးကို
ထာဝရထာဝရ အေးချမ်း....။
စ၀်ဥာဏဗောဓိ

နိုင်ငံတကာတိပိဋကရွတ်ဖတ်ပူဇော်ပွဲ ပုံရိပ်လွှာ

(၇)နှစ်ကြိမ်မြောက်၊ဒီဇင်ဘာလ ၂ရက်နေ့မှ ၁၂ရက်နေ့ထိ
မြေမြတ်မဟာ ဗုဒ္ဓဂယာ ၏ ကြည်နူးဖွယ်နေ့များ...။