ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Tuesday, January 31, 2012

ချီးမွမ်းခြင်းဆိုတဲ့ ပဲ့တင်သံ

ချီးမွမ်းခြင်းက တော်သင့်ရုံလူတစ်ယောက်ကို သူရဲကောင်းဖြစ်စေနိုင်သလို၊ မျက်နှာကြောတင်းသူကို အပြုံးတွေ ပွင့်လန်းစေနိုင်တယ်။ တခြားသူကို ဟန်မဆောင်ဘဲ ချီးမွမ်း၊ ချီးကျူးတတ်တာဟာ ဘဝကို ပိုလှပကောင်းမွန်စေပါတယ်။







လူတိုင်းလူတိုင်းမှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်း၊ ဂုဏ်ယူခြင်းတွေရှိတယ်။ လူတစ်ယောက်ကို ရိုးရိုးသားသား ချီးမွမ်းတာ၊ ထောက်ခံတာဟာ သူ့တန်ဖိုးကို အကောင်းဆုံးအသိအမှတ်ပြုတာ၊ တန်ဖိုးထားတာပဲဖြစ်တယ်။ ဟန်မဆောင်တဲ့ကျေးဇူး၊ ဟန်မဆောင်တဲ့စိတ်ကောင်းစေတနာနဲ့ ချီးကျုးခြင်းတွေက လူလူချင်းကြားအကွာအဝေးကို ပိုနီးကပ်စေနိုင်သလို သူစိမ်းဆန်ခြင်း၊ ကွာဟချက်တွေကိုလည်း ပပျောက်စေနိုင်ပါတယ်။






နိုင်ငံခြားရင်းနှီးမြုပ်နှံကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးသမားတစ်ဦးရှိတယ်။ သူဟာ လူတွေအလျစ်လျူရှုခံရဆုံး၊ အထင်သေးခံရဆုံးသူဖြစ်တယ်။ ဒါပေမယ့် ဒီလိုလူတစ်ဦးဟာ ညတစ်ညမှာ ကုမ္ပဏီမီးခံသေတ္တာ အလုယှက်ခံရချိန်မှာ သူခိုးဓမြနဲ့ သတ်ပုတ်ခဲ့သူဖြစ်တယ်။ အဖြစ်အပျက်ပြီးနောက် ဂုဏ်ပြုပွဲမှာ လူတွေက သူ့ကိုအကြောင်းရင်းမေးတော့ သူ့အဖြေက လူတွေထင်မှတ်မထားတဲ့အဖြေ ဖြစ်နေခဲ့တယ်။ ကုမ္ပဏီ အထွေထွေမန်နေဂျာက သူ့အနားကဖြတ်သွားတိုင်း "မင်းလှဲကျင်းတာ အရမ်းသန့်ရှင်းတယ်" လို့ သူ့ကိုအမြဲ ချီးမွမ်းခဲ့လို့ပါတဲ့။ ဒီလို သာမန်တဲ့စကားတစ်ခွန်းက သန့်ရှင်းရေးအလုပ်သမားကို ခံစားစေခဲ့ပြီး ကိုယ့်အသက်ကိုတောင်မမူဘဲ ကုမ္ပဏီကိုပေးဆပ်ချင်ခဲ့တယ်။






အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Mary. Kayက "လောကမှာ ငွေကြေးထက်၊ ဘဝထက် လူတွေပိုလိုအပ်တဲ့အရာနှစ်ခုရှိတယ်။ အဲဒီနှစ်ခုက အသိအမှတ်ပြုခံရခြင်းနဲ့ ချီးမွမ်းခြင်းပါပဲ" လို့ ပြောခဲ့တယ်။






ချီးမွမ်းရုံနဲ့ဖြစ်ပါ့မလား! ချီးမွမ်းမယ့်အစား ငွေကြေးဆုလာဘ်တွေပေးတာကမှ ပိုကောင်းဦးမယ်လို့ လူတွေ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ သူတို့မသိတာက ချီးမွမ်းခြင်းဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ စိတ်ဓာတ်အတွက် အကောင်းဆုံးဆုဆိုတာပါပဲ။ အသိအမှတ်ပြုခံရခြင်း၊ ချီးမွမ်းခြင်းကြောင့် ရလာတဲ့ပြည့်ဝခြင်းက ငွေကြေးကြောင့်ရလာတဲ့ ပျော်ရွှင်ခြင်းထက် ပိုသာလွန်နေပါတယ်။






အားပေးချီးကျူးလုပ်တာကို မနှစ်သက်ဘူး၊ မနှစ်မြို့တဲ့ ဆရာတစ်ဦးရှိတယ်။ တစ်ခါက အဲဒီဆရာဟာ လေ့ကျင့်ရေးသင်တန်းတစ်ခုတက်ပြီး တစ်ပတ်အကြာမှာ အရေးပါတဲ့စာတမ်းတိုတစ်ခု တင်ရတယ်။ အဲဒီစာတမ်းတိုကို သူအကောင်းဆုံးရေးခဲ့တယ်။ ဒါကို သူ့အထက်ဆရာက သူ့ကိုအသိအမှတ်ပြုချင်၊ ချီးကျူးချင်တာနဲ့ ပုံဆွဲစာရွက်ဝါတစ်ရွက်ကို ကတ်တစ်ကတ်အဖြစ်ခေါက်ပြီး စာရွက်ပေါ်မှာ "အရမ်းကောင်းတယ်!"ဆိုတဲ့ အားပေးစကားတစ်ခွန်း ရေးလိုက်တယ်။ လူချင်းတွေ့တော့ ဆရာက သူ့ကိုချီးမွမ်းစကားပြောပြီး ရေးထားတဲ့ကတ်ကို ပေးလိုက်တယ်။ ကတ်ကိုရတော့ သူတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ နေရာမှာတင် တခဏရပ်ပြီး ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းထဲကနေ လှည့်ထွက်သွားခဲ့တယ်။ သူ့အဖြစ်ကြောင့် သူ့အထက် ဆရာက နားမလည်ဖြစ်ပြီး "ငါ အမှားလုပ်မိသွားသလား"လို့ တွေးလိုက်မိတယ်။ စိတ်ထဲ မတင်မကျဖြစ်မိတဲ့ဆရာဟာ တပည့်နောက်ကိုလိုက်ကြည့်တော့ တပည့်ဟာ သူပေးတဲ့ကတ်ကိုကိုင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် လူတွေကို လိုက်ကြွားဝါနေတာကို တွေ့လိုက်တယ်။ ဒီအဖြစ်က ဒီမှာတင် တစ်ခန်းရပ်မသွားပါဘူး။ နောက်ပိုင်းမှာ ကတ်ရခဲ့ဆရာဟာ ဒီနည်းကို သူ့အထက်ဆရာထက် ပိုအသုံးပြုခဲ့ပါတယ်။ သူကိုယ်တိုင် လုပ်ထားတဲ့ကတ်တွေကို အသုံးပြုပြီး လူတွေကို သူချီးမွမ်းတတ်ခဲ့၊ အသိအမှတ်ပြုတတ်ခဲ့တယ်။






လူတွေကို အကောင်းမြင်စိတ်နဲ့ ချီးမွမ်းတတ်တဲ့ စိတ်ပညာရှင်တစ်ဦးဟာ စာတိုက်တစ်တိုက်ဆီ ရောက်ခဲ့တယ်။ စာတစ်စောင်ပို့ဖို့ သူတန်းစီစောင့်နေတုန်း ကောင်တာက စိတ်ရှုပ်၊ စိတ်နောက်နေတဲ့စာရေးမကို သူ အမှတ်မထင် သတိထားလိုက်မိတယ်။ စိတ်ပညာရှင်ဟာ ရုတ်တရက် အကြံတစ်ခုရလိုက်တယ်။ ဒီစာရေးမ ပျော်လာအောင် သူစမ်းသပ်ကြည့်ဖို့ဖြစ်တယ်။






"သူ့ကို ပျော်အောင်လုပ်ချင်ရင်၊ ငါ့ကို ထင်မြင်ချက်ကောင်းပေးစေချင်ရင် နားထောင်လို့ကောင်းတဲ့စကားနဲ့ သူ့ကိုချီးမွမ်းရမယ်" လို့ သူတွေးလိုက်တယ်။ ပြီးတော့ "သူ့ကိုယ်ပေါ်မှာ ငါချီးမွမ်းရလောက်တဲ့အရာ ဘာရှိသလဲ! ငါ ဟန်မဆောင်ဘဲ တကယ်ချီးမွမ်းချင်တဲ့အရာ ဘာရှိသလဲ?" လို့ မေးခွန်းထုတ်ပြန်တယ်။ ပြီးတော့ စာရေးမကို သူအကဲခတ်တယ်။ နောက်ဆုံးမှာ ချီးမွမ်းစရာကို သူရှာတွေ့လိုက်ပါတယ်။






သူပို့မယ့်စာကို စာရေးမလှမ်းယူပြီး အလေးချိန်ချိန်နေတုန်းမှာ စိတ်ပညာရှင်က ရိုးသားတဲ့စကားတစ်ခွန်းနဲ့ စပြောပါတယ်။






"ခင်ဗျားလို ဖြောင့်စင်းပြီး လှပကောင်းမွန်တဲ့ဆံပင်ရှိနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်မျှော်လင့်မိပါတယ်"






စိတ်ပညာရှင်ရဲ့စကားကိုကြားတော့ စာရေးမက မျက်လုံးတစ်ချက်ပင့်ကြည့်တယ်။ သူ့မျက်လုံးမှာ အံ့သြမှုတွေနဲ့ ပြည့်နေတယ်။ တဆက်တည်း သူတစ်ချက်ပြုံးလိုက်ပြီး " ဟား... ကျွန်မရဲ့ဒီဆံပင်တွေ အရင်ကနဲ့စာရင် ပိုဆိုးသွားတယ်" လို့ ခပ်လျှိုလျှိုပြောတယ်။ စိတ်ပညာရှင်ရဲ့စကားကြောင့် သူ့စိတ်ခံစားမှု ပိုကောင်းသွားပါတယ်။ စိတ်လိုလက်ရ တအောင့်ကြာလောက် သူတို့ စကားစမြည်းပြောဖြစ်ခဲ့ကြတယ်။ စိတ်ပညာရှင်ပြန်ခါနီးမှာတောင် စာရေးမက "တကယ်တော့ ကျွန်မရဲ့ ဒီဆံပင်နက်နက်တွေကို လူတော်တော်များများ အားကျကြတယ်" လို့ ထပ်ပြောလိုက်ပါသေးတယ်။






လူတစ်ယောက်မှာ ဘယ်လိုအောင်မြင်မှု၊ ဘယ်လိုရာထူးဂုဏ်ပဲရှိရှိ ချီးမွမ်းခြင်းတွေ လိုကိုလိုအပ်ပါတယ်။ သိပ်အရယ်အပြုံးမရှိတဲ့ ကိုယ့်အထက်လူကြီးနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ့ကို ရိုးသားတဲ့ချီးမွမ်းစကား သင်ဆိုနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ ချီးမွမ်းစကားက သူ့စိတ်ကို ပြုံးရယ်စေမှာ အမှန်ပါ။






သူတစ်ပါးကိုချီးမွမ်းဖို့ သင့်ဖက်က ဘာမှ များများစားစား ပေးဆပ်စရာမလိုပါဘူး။ သင်လုပ်ရမှာက အချင်းချင်းပြောဆိုဆက်ဆံချိန်မှာ ဂရုတစိုက်ရှိဖို့နဲ့ သူ့ရဲ့အားသာချက်ကိုတွေ့တဲ့အခါ ချီးမွမ်းစကားဆိုဖို့၊ အသိအမှတ်ပြုဖို့ပဲဖြစ်တယ်။ တခြားသူရဲ့ကောင်းကွက်၊ အားသာချက်ကို သတိပြုမိချိန်မှာ သင့်ကိုယ်သင်လည်း သင့်ဘဝရဲ့ တောက်ပရောင်ခြည်ကို စသတိပြုမိပါလိမ့်မယ်။






ချီးမွမ်းခြင်းမှာ ပဲ့တင်သံရှိပါတယ်။ သင့်ရဲ့ချီးမွမ်းစကားတွေ သင့်ကိုပဲ့တင်ထပ်ပါလိမ့်မယ်

Sunday, January 22, 2012

ကြီးပွားရေး ကြယ်စင်

ကြီးပွားလမ်း ပိတ်သောအကျင့်




အစားကို မက်မောခြင်း၊ အသောက်ကိုမက်မောခြင်း၊ အကောင်းကို တွေ့မရှောင်ကြိုက်ခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် စီးပွားလမ်း၊ ကြီးပွားလမ်းကို အမှန်ပိတ်သော အကျင့်များဖြစ်၏။







ဘ၀င်မမြင့်နှင့်



ခေတ်ကာလပညာတတ်ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲဖို့မသင်

့။ စိတ်နေသဘောထားပုံ ပိုမိုကောင်းမွန်ဖို့၊ ပိုမိုမြင့်မြတ်ဖို့၊ ပိုမိုယဉ်ကျေးလိမ္မာဖို့သာ ရှိသင့်လေသည်။







ချမ်းမြေ့သောဘ၀ကိုရဖို့



ထွက်သက်ဝင်သက် လေ့ကျင့်ခြင်းကို ကောင်းစွာအစိုးရသောသူသည် ကျန်းမာချမ်းသာ အသက်ရှည်၍ ရွှင်လန်းသာယာ ချမ်းမြေ့စွာသောဘ၀ကို ရနိုင်လေသည်။







အဖိုးထိုက်သောသူ



အလုပ်ကို သေချာစေ့စပ်စွာလုပ်ခြင်းသည် အဖိုးထိုက်တန်သူ၏ အထင်ရှားဆုံးသော သက်သေဖြစ်လေသည်။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာတို့ကို အရည်အသွေးဖြင့် သိရသကဲ့သို့ အဖိုးထိုက်သောသူကို အလုပ်၏ သေချာခြင်းဖြင့် သိရလေသည်။









ကံကြောင့်လား



လူတစ်ယောက်သည် ပညာလည်းရှိ၏။ အကျင့်လည်းကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။ သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍နေရအံ့။ အဘယ်သို့သောအကြောင်းကြောင့်

ဤကဲ့သို့ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပေလိမ့်မည်။ အများအားဖြင့် ထိုမေးခွန်းကို ကံအကြောင်းတရားဟူသော စကားနှင့် ဖြေကြားပေလိမ့်မည်။







လုံလောက်သောအသိရရန်



လူ၏အသက် သေသည့်တိုင်အောင် ဗဟုသုတအလိမ္မာကို တစ်ကိုယ်တည်း၏ အတွေ့ဖြင့် လုံလောက်စွာမရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအလျင် အတွေ့အကြုံများသော လူပေါင်းများစွာတို့

ရေးသားခဲ့သော စာများကိုဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာ ရနိုင်လေသည်။







စူးစိုက်ခြင်း



လောက၌ စိတ်နှင့်ကင်းသောအလုပ် မရှိ။ အလုပ်ဟူသမျှမှာ စိတ်ကိုသုံးနိုင်သလောက် ပေါက်ရောက်တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကိုသွင်းခြင်းသည် စူးစိုက်ခြင်းပင်ဖြစ်လေရာ

စူးစိုက်ခြင်းသည် ပေါက်ရောက်အောင်မြင်ခြင်းပင် ဖြစ်လေသည်။









ကြီးပွားလိုစိတ်



ကြီးပွားလိုစိတ်သောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသောအခြေအနေကိုသာ ထင်မြင်ချေက ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင် အတွင်းစိတ်က

ဖန်တီး၍ပေးလေ၏။









ကြီးပွားတိုးတက်ရန် အား



ကြီးပွားတိုးတက်အောင်လုပ်ခြင်းသည် ဆင်းရဲအောင်လုပ်ခြင်းထက် ပိုမို၍ပင်ပန်းသည် မဟုတ်ပေ။ ကြီးပွားတိုးတက်ရန်အားသည် ၀ီရိယနှင့် ချွေတာခြင်းဖြစ်သည်။





လူပျိုဘဝ



လူပျိုဘ၀သည် လူဖြစ်ခြင်း၏ အခြေဖြစ်သည်။ သို့ဖြစ်လေရာ လူပျိုဘ၀သည် အထူးသတိနှင့် နေထိုင်ကျင့်ကြံအပ်သော အသက်၏ အပိုင်းအခြားဖြစ်လေသည်။







အားလပ်ချိန်ကို နှမြောပါ



ကြီးပွားလိုသူ၊ ပညာတတ်လိုသူ၊ အရာရာ၌ တိုးတက်လိုသူသည် အားလပ်သောအချိန်ကလေးများကို နှမြောခုံမင်စွာ အသုံးပြုရလေသည်။









ကြီးပွားခြင်း၏အစ



ကြီးပွားခြင်း၏အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။ မိမိကိုယ်ကို သိခြင်းဆိုသည်မှာ မိမိ၏အစွမ်းသတ္တိရှိကြောင်းကို သိခြင်းပင်ဖြစ်လေသည်။







မင်္ဂလာယူသောအခါ



အဘယ်အချိန်၊ အဘယ်နာရီမှာ ထရမည်ဟု ပုံသေမပြောနိုင်ပေ။ တစ်နည်းကိုသာ ပြောလို၏။ အိပ်ရာမှ နိုးထသောအခါ အိပ်ရာထဲ၌ ပျင်းကြောဆွဲကာ တွန့်လိမ်၍မနေကောင်းပေ။ ထိုကဲ့သို့ နေခြင်းသည် အပျင်းကို အားပေးခြင်း ၀ယ်လ်ပါဝါစိတ်အားကို ဆုတ်ယုတ်စေခြင်း ဖြစ်လေသည်။ နိုးလျှင်နိုးချင်း လျင်မြန်ဖျတ်လတ်စွာထရမည်။ နံနက်သည် အကောင်းဆုံးသောအချိန်၊

အကြည်လင်ဆုံးသောအချိန်ဖြစ်ရာ ထိုအချိန်၌ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းဖြင့် နောက်ကျိညစ်နွမ်းအောင် မလုပ်ကောင်းပေ။ နံနက်သည် မင်္ဂလာယူသောအခါဖြစ်၏။









ချမ်းသာရခြင်းအကြောင်း



ဗုဒ္ဓဘာသာအရ ဒါနပြုလျှင် ပေါများသည်။ မည်သူမဆို ဘ၀ပေါင်းများစွာတို့မှာ ဒါနပြုခဲ့ကြသူများဖြစ်ရာ ကြီးပွားချမ်းသာခြင်းတည်းဟူသော ပဒေသာပင်မျိုးစေ့ကို မိမိသဏ္ဍန်၌ ပျိုးခဲ့ဖူးသူများသာ ဖြစ်ကြလေသည်။ သို့ဖြစ်လေရာ ငါမချမ်းသာနိုင်ပါဘူး။ သူတို့မှာတော့ ဒါနမျိုးစေ့ ပါရှိခဲ့ကြသည့်အတွက် ကြွယ်ဝချမ်းသာကြသည်ဟူ၍ တွေးစရာကြောင်းမရှိ။ မည်သူမဆို ဆင်းရဲမှာကို တကယ်ကြောက်၍ ပစ္စည်းဥစ္စာကို လိုလိုချင်ချင် ရှာဖွေကြချေက မသေလျှင် ဧကန်ချမ်းသာရမည်ကား အာကာဝေဟင် လေဟာပြင်ကို စိန်အမြောက်ဆင်၍ ပစ်က ထိမှန်ရမည် မလွဲသောနည်းအတိုင်းပေတည်း။









အလုပ်ကြီးအကိုင်ကြီးလုပ်လျှင်



အလုပ်ကြီးအကိုင်ကြီးများကို ကြံစည်လုပ်ကိုင်သူများသည် မိမိအဖို့သာ မကြည့်ရ။ ငါ၏လခစား ငါ၏အကျိုးဆောင်များကို အဘယ်နည်းနှင့် ချမ်းသာအောင် လုပ်ရမည့်အရေးကိုလည်း ပူပင်စွာ ဂရုစိုက်ရလေသည်။ ထိုကဲ့သို့ ဂရုစိုက်သော စိတ်ကောင်းစိတ်မြတ်ရှိသူတို့မှာ လက်အောက်သားတို့၏ မေတ္တာ၊ စေတနာအစွမ်းကြောင့် ပိုမို၍ ကြီးပွားကြလေသည်။ လက်အောက်သားများ၏ အကျိုးကိုမကြည့်ဘဲ ငါစား စိတ်မျိုးကိုသာ ထားသူတို့မှာ အများအားဖြင့် ကြီးပွားသင့်သလောက် မကြီးပွား။ ဆုတ်ယုတ်ပျက်စီးကြသည်သာ များကြလေသည်။









အပျော်မလိုက်နှင့်



အပျော်သည် ပျော်ခိုက်မှာသာ ပျော်၏။ ရပ်သည်နှင့်တစ်ပြိုင်တည်း ဒုက္ခဖြစ်တတ်လေသည်။ ဒုက္ခအပူ သောကများစွာတို့သည် အပျော်ထဲမှ ထွက်ကြ၏။ အပျော်သည်

ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးတို့ကို မွေးမြူသောဌာန ဖြစ်လေသည်။ အပျော်မှန်သမျှ ကုန်ကျမြဲတည်း။ အပျော်ကြောင့် အလုပ်ပျက်၏။ ညနေချမ်းအချိန်မှာ အပျော်ထွက်ခြင်းကြောင့် အဖိုးတန်သော

ကြီးပွားစေနိုင်သည့် အချိန်တွေ အကျိုးမဲ့ ဆုံးပါးရလေသည်။ ငယ်ရွယ်သူတစ်ယောက် ကြီးမြင့်သူဖြစ်မည် မဖြစ်မည်ကို သိလိုက ညနေအချိန်ကို အဘယ်ပုံ အသုံးပြုသနည်းဟု ကြည့်ဖို့သာလို၏။







ဆင်းရဲရခြင်းအကြောင်း



အများအားဖြင့် ဆင်းရဲသူတို့ကို ကြည့်သည့်အခါ မရိုးသားခြင်း၊ ပေါ့လျော့ခြင်း၊ သတ္တိစွမ်းရည်နည်းခြင်း၊ လူပေါင်းမတတ်ခြင်း၊ အာရုံလိုက်စားခြင်း၊ အပြစ်အမျိုးမျိုးတို့အနက် တစ်မျိုးနှင့်တစ်မျိုး ရှိကြကြောင်း သိရလေသည်။ ထိုအပြစ်မျိုးတွေကင်းလျက် အဘယ်သောအခါ အဘယ်မျှလောက် ကြီးပွားရအောင် ငါလုပ်မည်ဟူသောစိတ်ကို ထားရှိသူ၊ ကြီးပွားမည်ဟု မိမိကိုယ်ကို အဟုတ်တကယ် ယုံကြည်သူ၊ ကြီးပွားလိုသောဆန္ဒ ဓာတ်ခံအားသန်သူဖြစ်ချေက မကြီးပွားဘဲမနေနိုင်၊ အမှန် ကြီးပွားရမည်သာတည်း။





အမှတ်မဲ့ပျက်စီးခြင်း



အမှတ်မဲ့သတိမထားဘဲ ယုတ်နိမ့်ပျက်စီးခြင်းမျိုးသည် သိသိသာသာ ယုတ်နိမ့်ပျက်စီးခြင်းထက် ပိုမိုဆိုးသွမ်းလျက် ပိုမိုစိုးရိမ်ဖွယ်ကောင်းလေသည်။









အကျိုးမထင်သောအရာ



မြှောက်ပင့်ခြင်းသည် လေသံမျှဖြစ်၏။ ဂုဏ်ပကာသနနှင့် ကျေနပ်ကြည်နူး၍နေသော အမြှောက်ကြိုက်ခြင်းသည် လေကိုစား၍ အာဟာရမဖြစ်သကဲ့သို့ မည်သူ့မှာမျှ အကျိုးမထင်သောအရာကို လိုလားမှုဖြစ်၏။









မွဲစိတ်မမွေးပါနှင့်



ငွေကို ငွေနှင့်လိုက်ရ၍ ငွေနှင့်ဖမ်းရ၏။ သို့ဖြစ်လေရာ ငွေငါးကို ငွေတည်းဟူသောပိုက်ဖြင့် ဖမ်းရလေသည်။ ပိုက်ကြီးလေလေ ငါးအမိများလေလေ ဖြစ်လေသည်။ ငွေများလေလေ

ငွေများများတိုး၍ ရဖို့လွယ်လေလေ ဖြစ်လေသည်။ သို့ဖြစ်လေရာ ဆင်းရဲစိတ်၊ မွဲစိတ်ကို ဖျောက်ရမည်။ ဆင်းရဲစိတ်၊ မွဲစိတ်ကား အခြားမဟုတ်။ ငါသူတို့လို မဖြစ်နိုင်။ သူတို့က ကုသိုလ်ထူးတဲ့သူတွေ၊ ငါက သူတို့လိုမဟုတ်။ ဒီဘ၀မှာတော့ ဒါပဲ။ နောင်ဘ၀ချမ်းသာအောင် ကုသိုလ်ကောင်းမှုသာ ပြုဖို့ရှိတာပဲဟူသော စိတ်သည် မွဲစိတ်ပေတည်း။









လူအချင်းချင်းစိတ်ကို မချမ်းသာအောင် မခံချည့်မခံသာအောင် မလုပ်ခြင်း။

မိမိအတွက် တစ်ပါးသူမှာ ၀န်လေးခြင်း မဖြစ်စေခြင်း။

သူတစ်ပါးအား အနှောင့်အယှက် မပြုခြင်း။

ကိုယ်ချင်းစာသော စိတ်ရှိခြင်းကို “ယဉ်ကျေးခြင်း”ဟုခေါ်လေသည်။











ကျောင်းအတတ်ပညာသင်ခြင်းသည် စင်စစ်အားဖြင့် မိမိကိုယ်ကို ဘယ်ဘက်မှာတော်သည်ဟူသော အကြောင်းနှင့် ပတ်သက်၍ စစ်ဆေးခြင်းမျှသာ ဖြစ်လေသည်။ ရွှေသတ္တုတွင်းများမှ တူးမှ ရွှေကိုရသည်။ အဘယ်မျှပင် ရွှေအထွက်များစေကာမူ မတူးလျှင် မရနိုင်ပေ။ ထို့အတူ လူမှာလည်း အစွမ်းသတ္တိအရည်အချင်း အဘယ်မျှပင် ရှိစေကာမူ ထိုအစွမ်းသတ္တိများပေါ်အောင် ကြိုးစား၍ လုပ်ကိုင်ရလေသည်။







နဂိုဟန်



အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကို မကြောက်။ လောက၌ ဟန်အမူအရာတည်းဟူသော ဇာဖြင့် မိမိကိုယ်ကိုကွယ်ခြင်းသည် အရုပ်ဆိုးဆုံးဖြစ်၏။ နဂိုဟန်သည် အကောင်းဆုံးဖြစ်ပေသည်။









အကြီးဆုံးသောရန်သူ



သတိကင်းမဲ့တတ်ခြင်း၊ သတိမေ့လျော့တတ်ခြင်း၊ အလုပ်မလေးစားခြင်း၊ အလုပ်ကိုဂရုမစိုက်ခြင်းတို့သည် ကမ္ဘာလောက၌ ဆုံးရှုံးခြင်းတည်းဟူသော အကျိုးတရားတွင် အကြီးဆုံးသော အကြောင်းတရားဖြစ်လေသည်။ အတွေးပျော့လျှင် သတ္တိတန်ခိုးပျော့၏။ အတွေးမာလျှင် သတ္တိတန်ခိုး တိုးတက်ရလေသည်။ လောက၌ အကြီးဆုံးသောရန်သူသည် အကြောက်ဖြစ်၏။ ကြောက်ရွံ့ခြင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ အကြောက်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာ မရှိပေ။









ကြီးမြင့်ရခြင်းအကြောင်း



သေးငယ်သောအရာကလေးများအတွက် စိတ်ညစ်တတ်သူများမှာလည်း ကြီးသောအကြောင်းအရာများထက် ဆယ်ဆမက အင်အားကုန်ခမ်းလျက် သံလိုက်ဓာတ်ပျက်စီးတတ်လေသည်။ ငွေကို အနည်းငယ်စီစုသလို ပညာကိုလည်း အနည်းငယ်စီ စုရလေသည်။ ကြီးမြင့်သောပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၌ ဆင်းရဲရာမှ အချိန်အတိုအစကလေးများကို သုံးခြင်းကြောင့် ကြီးမြင့်၍လာသူတွေ များစွာရှိကြလေသည်။ ရေကန်ဖြစ်ခြင်းသည် ရေများခြင်း၊ ကျယ်ခြင်းကြောင့်မဟုတ်။ ရေကို ခိုင်လုံစွာ ထိန်းနိုင်သော ကန်ပေါင်ရိုးကြောင့် ဖြစ်လေသည်။









ချွေတာသိုမှီးခြင်း



ချွေတာသိုမှီခြင်းသည် လူ့တို့၏သန္တာန်၌ ဓမ္မတာ သဘောတရားမဟုတ်။ အတွေ့အကြုံ၊ အသိအလိမ္မာ၊ ဉာဏ်အမြော်အမြင်မှ ထွက်ပေါ်၏။







လူချစ်လူခင်များသူ



လူချစ်လူခင်များသောသူတို့သည် မိမိ၏စိတ်အလိုကို လွန်စွာမလိုက်။ သူတစ်ပါး၏ အလိုကို အများကြီးသိတတ်ကြလျက် မိမိအတွက် အခြားလူများအပေါ်တွင် စိတ်လက်ငြိုငြင်ဆင်းရဲအောင် မပြုတတ်ကြချေ။ လူချစ်လူခင်များသောသူတို့သည် အခြားသူများ၏ အပြစ်ကို မြိန်ယှက်စွာပြောဆိုပြီး မိမိတို့ကိုယ်ကိုမူ ထူးမြတ်သောပုဂ္ဂိုလ်ဟု သဘောထားသော အသံစကားများကို အသုံးမပြုတတ်ချေ။









နည်းနည်းပြော၊ များများနားထောင်



စကားပြောစရာမရှိသဖြင့် အကြောင်းရှာ၍ပြောခြင်း၊ အကျိုးမရှိသော စကားကိုပြောခြင်း၊ အကျိုးမရှိသောအရာကိုမေးခြင်း၊ စသည်များသည် အမှားကိုဖြစ်စေနိုင်လေသည်။ စကားကို နည်းနိုင်သမျှ နည်းစေ၍ နှုတ်ကို ပိတ်နိုင်သမျှ ပိတ်ကာ၊ နားကို ဖွင့်နိုင်သမျှ ဖွင့်စေရာ၏။ သို့မှာသာ ပညာရှိ လူလိမ္မာ ဖြစ်နိုင်လေသည်။









စွဲမြဲစွာလုပ်ပါ



လူ၏တန်ခိုးသည် ဉာဏ်ပညာ၌မတည်။ အားအင်ဗလ၌လည်း မတည်။ ဇွဲကောင်းခြင်းမှာတည်ကြောင်း ယုန်နှင့်လိပ် အပြေးပြိုင်သောထုံးဖြင့် သိအပ်ပေသည်။ ကြီးမြင့်လိုသောသူသည် လူပျင်းအားကိုး တရှူးထိုးဆိုသည့်စကားလို မလုပ်ရ။ စွဲမြဲစွာ လုပ်ရလေသည်။







ကျော်ကြားသူ



ကျော်ကြားသူများတို့သည် လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ ၀မ်းတွင်းမှ ကျော်ကြားလျက် ထွက်ပေါ်လာကြသူများမဟုတ်။ မိမိတို့၏ အလုပ်ကို အခြားသူများနှင့်မတူ အထူး ပိုမိုအပင်ပန်းခံ၍ လုပ်ကိုင်ခြင်း၊ သေချာခြင်း၊ စေ့စပ်ခြင်းကြောင့် ကျော်ကြားကြခြင်းဖြစ်လေသည်။









လမ်းအခွင့်



လမ်းအခွင့်တို့မည်သည် အများအားဖြင့် ဆူးကလေး၊ အစွယ်ကလေး၊ အတက်ကလေးနှင့် လာတတ်၏။ ကြောက်စရာသဏ္ဌာန်၊ ပင်ပန်းစရာအသွင်ကို ဆင်၍လာတတ်၏။ အခက်အခဲ၊ အရှုပ်အထွေးတို့သည် ခြံရံလျက် ပါလာတတ်ကြ၏။ ထိုအခါ မကြောက်မရွံ့၊ မတွန့်မဆုတ်၊ နိုးကြားထကြွခြင်းကို လက်နက်ပြုကာ ဆီး၍ တိုက်ခိုက်ဖြိုဖျက် ဖမ်းယူတတ်သောသူသည် အမြဲအောင်မြင်သူ ဖြစ်ရလေ၏။



နှမြောတွန့်တိုသူ



ခြစ်ခြုတ်စစ်စီနှမြောသဖြင့် ၀ယ်ခြမ်းရာ၌ တစ်ပြားနှစ်ပြားဆစ်ကာ အချိန်ဖြုံးသူတို့မှာ ကုန်သောအချိန်သည် တစ်ပြားနှစ်ပြားမကတတ်နိုင်လေသည်။ ထိုလူမျိုးမှာ မသုံးမစားစစ်စီစုဆောင်းသဖြင့် မငတ်သော်လည်း ကြီးသောစိတ်မျိုး၏ အဆွဲဓာတ်မျိုးမရှိသဖြင့် ကြီးကြီးကျယ်ကျယ်မဖြစ်နိုင်။ မတော်တဆ တစ်စုံတစ်ရာဖြစ်၍ စုဆောင်းထားသော အထုပ်ကလေးကိုထိလျှင် လမ်းနဘေးတာမြောင်းထဲကို ရောက်ရသလို နက်စွာ မြုပ်ဆင်းတတ်ကြလေသည်။







စွပ်စွဲခြင်း မပြုလွယ်နှင့်



အထင်လွဲသဖြင့် လင်မယားကွဲသူ၊ အထင်လွဲသဖြင့် လူချင်းချင်း မုန်းကြရသူတွေ လောကမှာ များစွာရှိကြလေသည်။ သို့ဖြစ်လေရာ လောက၌ အထင်လွဲစရာအကြောင်းတွေ များစွာရှိသည်ကို ဆင်ခြင်ကာ ရုတ်တရက်အထင်လွဲပြီး စွပ်စွဲခြင်းမပြုလွယ်ကြဖို့ရန် သတိကြီးစွာထားသင့်ကြလေသည်။











စဉ်းစားသောစိတ်



စဉ်းစားဉာဏ်၌ လေ့ကျင့်ခန်းကို မရသူမှာ အလုပ်ပိုမို၍ပင်ပန်း၏။ ဆုံးဖြတ်ချက်ကို မြန်စွာမချတတ်လျှင် တကယ့်အရေး၌ စဉ်းစားသောစိတ်သည် စဉ်းစားသူကို ခြောက်လှန့်တတ်၏။ စဉ်းစားလေလေ ကြောက်စရာတွေကို မြင်လေလေ ဖြစ်တတ်လေသည်။











အပြောအဟော



အပြောအဟောသည် လွန်စွာအရေးကြီး၏။ အရာရာ၌ ကော်မတီနှင့် လုပ်သောခေတ်ဖြစ်ရာ အလုပ်ဟူသမျှ စကားပါဝင်၍နေသဖြင့် အပြောအဆိုတတ်အောင် မည်သူမဆို ဂရုစိုက်ဖို့သင့်လေသည်။







အကောင်းဆုံးရပ်နားခြင်း



အလုပ်တစ်မျိုးတစ်မျိုး ပြောင်းလဲ၍လုပ်ခြင်းသည် အကောင်းဆုံးသော ရပ်နားခြင်းဖြစ်လေသည်။ လုံးလုံးကြီးအားလပ်ချင်သောစိတ်ကို အလိုလိုက်လျှင် ဘာကိုမျှမလုပ်ချင်သောအဖြစ်သို့ ရောက်တတ်လေသည်။









ကြီးပွားဖို့ရာ



တစ်စုံတစ်ရာမလုပ်ဘဲ ကြံစည်၍သာ နေသည်ထက် အမှားကို လုပ်မိခြင်းက မြတ်သေး၏။ ကံကောင်း၍ ကြီးပွားသူ လွန်စွာနည်း၏။ ပင်ပန်းစွာ လုပ်ကိုင်ကြံစည်ခြင်းဖြင့်သာ ကြီးပွားရမြဲ ဖြစ်သည်။





အဖိုးတန်သူ



ငယ်စဉ်အခါက သေချာစေ့စပ်ခြင်းအလေ့ကို ရသောသူမှာ ပညာလွန်စွာ မလိုပေ။ လုပ်သမျှသောအလုပ်က အဖိုးတန်သူဖြစ်ကြောင်း သက်သေခံလိမ့်မည်။ ပမာဏထက် အမျိုးအစားက ပို၍ထိုက်တန်၏။ အချိန်မရှိသောကြောင့် တော်ရုံပဲ လုပ်လိုက်ရသည်။ အချိန်ရလျှင် သေသေချာချာ ကောင်းဖို့ပဲဟူသော စကားမျိုးကိုသုံးခြင်းသည် ညံ့ဖျင်းပေါ့လျော့ခြင်းအတွက် လုံလောက်သောအကြောင်းပြချက် မဟုတ်ပေ။ အချိန်အနည်းငယ်ကို ကောင်းအောင်လုပ်ဖို့သာ ရှိလေသည်။







အကြံတောင်းပါ



အကြံပေးခြင်းထက် အကြံတောင်းခြင်းသည် အခါများစွာ ပို၍ ခရီးရောက်လွယ်သည်။ အကြံတောင်းခြင်းဖြင့် အကြံပေးခြင်းအဖြစ်သို့ရောက်အောင် ဆောင်နိုင်လေသည်။





အလုပ်

အလုပ်သည် အနိမ့်ဆုံးသောသူကို ထူးချွန်သူ၏အဖြစ်သို့ပင် မရောက်စေကာမူ အမြဲအားဖြင့် ဂုဏ်သရေကို ဖြစ်စေ၏။ အလုပ်မှ ငွေကိုရ၏။ ရသောငွေကို နေအောင်ထိန်းနိုင်မှ ငွေရင်းဖြစ်၏။







တိုးတက်ကြီးပွားလိုလျှင်



လူများပျက်စီးသည့်အခါ အကျမြန်သည့်နည်းတူ ဖြစ်ထွန်းကြီးပွားသည့်အခါ၌လည်း အတက်မြန်သည်။ ၀ီရိယကိုထုတ်၍ လုပ်၊ ရသမျှကလေးစု၊ မကြာမီ အထုပ်ဖြစ်မည်။ အထုပ်မဖြစ်မီ ထုတ်၍မပစ်နှင့်။ တိုးတက်ကြီးပွားလိုသူအဖို့ မသွားဝံ့သောနေရာ၊ မကြံစည်ဝံ့သောနေရာဟူ၍ မရှိ။ တစ်စုံတစ်ရာကို မလုပ်ဘဲ ကြံစည်၍နေသည်ထက် အမှားကို လုပ်မိခြင်းက ပို၍မြတ်လေသည်။











ရှာဖွေ၊ သိုမှီး၊ ပွားများခြင်း



လုပ်ကိုင်ရှာဖွေခြင်းသည် လူ၏ဂုဏ်ကျက်သရေ ဖြစ်သည်။ သိုမှီးခြင်းသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကိုဖြစ်စေ၏။ ပွားများစေခြင်းသည် လူအချင်းချင်း၏ အကျိုးစီးပွားရေး ဆောင်ခြင်းပင်ဖြစ်လေသည်။









ကြီးပွားတိုးတက်ရေးအတွက် အကောင်းဆုံးလက်နက်



ခေတ်အကြိုက်ကို ကြည့်ခြင်းထက် ခေတ်အကြိုက်ကို လုပ်ပေးခြင်းက ပိုမို၍ ခရီးရောက်လေသည်။ အခက်အခဲသည် စိတ်သဘောကြီးမားရင့်သန်ခြင်းအတွက် အကောင်းဆုံးသော သင်ခန်းစာများ ဖြစ်ကြ၏။ ကြီးပွားရေးအတွက် အကောင်းဆုံးသောလက်နက်သည် အတွေးစိတ်ဖြစ်သည်။ သင်ကြီးပွားတိုးတက်ရန်လမ်းကို သင်မှတစ်ပါး သင်သာလျှင် ပိတ်ပင်ထားနိုင်သည်။



ပီမိုးနင်း

ကြီးပွားရေးလမ်းညွှန်စာအုပ်မှ